ရုရှားရင်းနှီးမြှုပ်နှံမှုတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ထပ်မံ အားပေးကူညီ လိမ့်မယ်လို့ Justice For Myanmar ကပြောပါတယ်။
ရုရှားထရပ်ကားကုမ္ပဏီကြီး Kamaz ရဲ့ ခေါင်းဆောင်ဖြစ်သူဟာ မြန်မာနိုင်ငံမှာ ထရပ်ကား ထုတ်လုပ်ရေးအတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်က အကြမ်းဖက်စစ်အုပ်စုနဲ့ ဆွေးနွေးဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သဘောတူစာချုပ်တစ်ရပ်ကို ဇွန်လနောက်ဆုံးထား အပြီးသတ်မယ်လို့ သိရပါတယ်။
Kamaz ကုမ္ပဏီဟာ ရုရှားဖက်ဒရယ်ပြည်ထောင်စုဝင် တတာစတန်သမ္မတနိုင်ငံသမ္မတ Rustam Minnikhanov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်လာခဲ့တာပါ။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Minnikhanov နဲ့ Kogogin တို့ရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်က အကြမ်းဖက်မြန်မာစစ်ကောင်စီနဲ့ ရုရှားအစိုးရတို့ရဲ့ ဆက်နွယ်မှု တွေက ပိုပြီးနက်ရှိုင်းလာကြောင်းကို ပြတာပဲ ဖြစ်တယ်’လို့ပြောပါတယ်။
Kamaz ကုမ္ပဏီ အထွေထွေမန်နေဂျာ Sergey Kogogin ဟာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်၊ စစ်အုပ်စုခန့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး အောင်နိုင်ဦးတို့နဲ့ ဆွေးနွေးပွဲ တွေမှာ ပါဝင်ခဲ့ကြောင်း Justice For Myanmar ကဆိုပါတယ်။
Kamaz ကုမ္ပဏီဟာ မြန်မာစစ်တပ်အတွက် ပစ္စည်းပေးသွင်းသူ ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ စစ်သုံးထရပ် ကား ၇ စီးကို မြန်မာနိုင်ငံဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။