ဦးပိုင်အတွက် ဘဏ္ဍာငွေဖော်ဆောင်ပေးနေတဲ့ Star Sapphire Group ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ JFMတောင်းဆို

အကြမ်းဖက်စစ်အုပ်စုပိုင် ဦးပိုင်အတွက် ဘဏ္ဌာငွေတွေ ဖော်ဆောင်ပေးနေတဲ့ Star Sapphire Groupကို ဒဏ်ခတ်ပိတ်ဆို့ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
စွမ်းအင်ကဏ္ဍမှာ Star Sapphire အုပ်စုရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ Myanmar Business Consultant Group ဟာ ရန်ကုန်တိုင်းမှာရှိတဲ့ သဘာဝဓာတ်ငွေ့သန့်စင်စက်ရုံစီမံကိန်း ၂ ခုမှာ ဟောင်ကောင် စတော့ အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ VPower Group နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီ China National Technical Import and Export Corporation (CNTIC) တို့ရဲ့ မိတ်ဖက်ပြည်တွင်းမိတ်ဖက်ဖြစ်ပြီး အဲဒီစက်ရုံတွေထဲက စက်ရုံတစ်ခုရဲ့နေရာကို ဦးပိုင်က ပိုင်ဆိုင်တယ်လို့ JFM ကဆိုပါတယ်။
YG-2 စီမံကိန်းမှာ ဦးပိုင်နဲ့ တည်ဆောက်၊လုပ်ကိုင်၊လွှဲပြောင်း (ဘီအိုတီ) သဘောတူစာချုပ်တစ်ရပ် ပါဝင်ပြီး အဲဒီစာချုပ်အရ ငှါးရမ်းမှုကာလ ပြီးဆုံးတဲ့အချိန်မှာ စက်ရုံရဲ့ပိုင်ဆိုင်မှုကို ဦးပိုင်က ရယူသွားမယ့် အဓိပ္ပါယ်ဖြစ်ကာ စစ်တပ်အတွက် အနာဂတ်မှာ အကျိုးအမြတ်ကြီးတဲ့ ပိုင်ဆိုင်မှုတစ်ရပ် ပေးအပ်လိုက်တာဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
Myanmar Business Consultant Group ဟာ သူ့ရဲ့ ပြည်ပစီးပွားမိတ်ဖက်တွေ ကိုယ်စား ဦးပိုင်ဆီကို ငှားရမ်းခ ပေးချေငွေတွေ စီးဆင်းရောက်ရှိစေဖို့အတွက် တာဝန်ရှိပါတယ်။
ဦးပိုင်ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ယူကေနဲ့ ကနေဒါနိုင်ငံ တို့က အရေးယူဒဏ်ခတ် ပိတ်ဆို့ထားပါတယ်။
Star Sapphire Groupရဲ့ ဒါရိုက်တာတွေနဲ့ ရှယ်ယာရှင်တွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။