Xiaomi ကုမ္ပဏီရဲ့ ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ကို အိန္ဒိယအစိုးရသိမ်း

Photo – AP

အိန္ဒိယရဲ့ နိုင်ငံခြားငွေကြေးလဲလှယ်မှုဆိုင်ရာဥပဒေကို ချိုးဖောက်ပြီး တရားမဝင် ငွေကြေးလွှဲပြောင်းခဲ့တဲ့ စွပ်စွဲချက်နဲ့ တရုတ် စမတ်ဖုန်းကုမ္ပဏီ Xiaomi ဆီကနေ အမေရိကန်ဒေါ်လာ ၇၂၅သန်း သိမ်းယူလိုက်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ဧပြီလ ၃၀ရက်နေ့က ပြောပါတယ်။ 

Xiaomi ကုမ္ပဏီရဲ့ ဒေသန္တရဌာနခွဲကနေ အဲဒီငွေပမာဏကို သိမ်းယူခဲ့တာလို့ အိန္ဒိယရဲ့ ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုအေဂျင်စီက တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုအေဂျင်စီက ဖေဖော်ဝါရီလကတည်းက Xiaomi ကုမ္ပဏီရဲ့ တရားမဝင်ငွေကြေးလွှဲပြောင်းတာနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ခဲ့ပြီးနောက် အခုလိုအရေးယူခဲ့တာလို့ ဆိုပါတယ်။

Xiaomi ကုမ္ပဏီဟာ ပြည်ပအခြေစိုက်အဖွဲ့အစည်း သုံးခုကို ကန်ဒေါ်လာ ၇၂၅သန်းလွှဲပြောင်းခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အိန္ဒိယပြည်တွင်းမီဒီယာတွေကလည်း ဖော်ပြခဲ့ပါတယ်။ 

ကုမ္ပဏီအနေနဲ့  ပြည်တွင်းဥပဒေတွေအတိုင်း လိုက်နာလုပ်ဆောင်ခဲ့ပြီး ငွေလွှဲပြောင်းခဲ့တဲ့ မူပိုင်ခွင့်တွေဟာလည်း မှန်ကန်ပြီး တရားဝင်ပေးခဲ့တာ ဖြစ်တယ်လို့ Xiaomi ကုမ္ပဏီက ပြောပါတယ်။ 

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် တရုတ်နိုင်ငံထုတ် တယ်လီဖုန်း အက်ပလီကေးရှင်း ၁၀၀ ကျော်ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အိန္ဒိယနိုင်ငံအတွင်း သုံးစွဲခွင့်ကို အိန္ဒိယ အာဏာပိုင်တွေက ပိတ်ပင်ထားခဲ့ပါတယ်။