အကြမ်းဖက်မီးရှို့ပြီး ပြန်လာတဲ့စစ်တပ် မြင်းမူမှာ မိုင်းဆွဲခံရ၊သေဆုံးထိခိုက်များနိုင်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်မီးရှို့ပြီးပြန်လာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ သေဆုံးထိခိုက်များနိုင်ကြောင်း Black Eagle Defence Force –MMU က ထုတ်ပြန်ပါတယ်။
မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာကို အကြမ်းဖက်မီးရှို့ပြီး ထီးဆောင်းကနေ မုံရွာဘက် ပြည်သူကား (၂) စီးနဲ့ ထွက်ခွာလာတဲ့ အကြမ်ဖက်စစ်တပ်ကို ဒီနေ့မနက်၄နာရီလောက်မှာ မြင်းမူမြို့နယ်၊အလ္လကပ္ပကျေးရွာ နဲ့ဝမ်းပြည့်ကျေးရွာအကြားအရောက် ပဒေသာမိုင်း (၃) လုံး၊ တစ်ဖက်ပွင့်စိန်ပြောင်း (၃) လုံးတို့နဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ကား (၂) စီးလုံး ထိထိမိမိ ထိမှန်ခဲ့ပြီး နောက်ဆုံးအစီးမှာ ဟန်ချက်ပျက်ကာ ခေတ္တခဏ ထိုးရပ်သွားတာကြောင့်သေဆုံးထိခိုက်များနိုင်ပြီး တော်လှန်ရေးအင်အားစုဘက်ကအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်တိုက်ပွဲကို မြင်းမူမြို့နယ် Black Eagle Defence Force -MMU ( မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့ ) ကဦးဆောင်ပြီး People’s Defence Force Myinmu ၊ Myinmu Civil Revolution Force၊ မြင်းမူလျှပ်စီး ပျောက်ကြားတပ်ဖွဲ့ ၊မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့-CDSOM တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။