စစ်ဖြစ်နေပြီဆိုတဲ့ အသိသတိနဲ့ သွားလာနေထိုင်ကြဖို့ အရာတော်တော်လှန်ရေးအင်အား သတိပေး

၂၈၊ ဇန်နဝါရီလ၊၂၀၂၂။

 


ပြည်သူတွေအနေနဲ့ စစ်ဖြစ်နေပြီဆိုတဲ့ အသိသတိနဲ့ နေထိုင်သွားလာကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စု ဖြတ်သန်းသွားလာတဲ့ လမ်းမကြီးတွေဘေးမှာ နေထိုင်ခြင်းတွေ မလုပ်ဆောင်ဖို့ အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။

စစ်ဆင်ရေးတွေမှ​ ပြည်သူမထိခိုက်ရေး အဓိကဖြစ်တာကြောင့် စစ်အုပ်စုရဲ့ သွားလာလမ်းတွေကို သိရှိနေပေမဲ့ အကောင်အထည် မဖော်လိုက်ရတဲ့ စစ်ဆင်ရေးတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ကတော့ စစ်ဆင်ရေးတိုင်းမှာ ပြည်သူမထိခိုက်ရေး အဓိကပါ။ ဒီခွေးတွေကလည်း သွားလေရာ ဓါးစာခံခေါ်လာတော့ ပြည်သူကိုငဲ့ညှာပြီး တောက်တခေါက်ခေါက်နဲ့ မလုပ်လိုက်ရတဲ့အခါတွေ အများကြီး‌ပေါ့ဗျာ။ ပြည်သူတွေကို ဒေါသထွက်တာ‌တော့မဟုတ်ပါဘူး။ ဒီခွေးတွေရဲ့ သရဲဘောကြောင်ပြီး လူမဆန်ယုတ်ညံ့တဲ့စိတ်ကို ဒေါသထွက်ရတာပါ။ ပြည်သူတွေအနေနဲ့လည်း ပေါ့ပေါ့လျော့လျော့မနေပဲ ကျွန်တော်တို့ တိုက်တွန်းနှိုး‌ဆော်တာလေးတွေ လိုက်နာပြီး အသိသတိလေးနဲ့ သွားကြလာကြ နေကြထိုင်ကြရင်လည်း တော်လှန်ရေးမှာ ပါဝင်တာနဲ့ တူတူပါပဲလို့ပြောချင်ပါတယ်ဗျ”လို့ အရာတော်တော်လှန်ရေးအင်အားစု တာဝန်ရှိသူတစ်ဦးက အရာတော် သတင်းမှန်ပြန်ကြားရေးကို ဖြေကြားထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ သွားလာလမ်းတွေကို သတိထားပြီး ရှောင်တိမ်းနေကြဖို့၊ ပေါက်ကွဲသံ ပစ်ခတ်သံတွေကြားရင် သွားရောက် မစပ်စုဖို့နဲ့ စစ်အုပ်စုရဲ့ သွားလာလှုပ်ရှားမှုတွေကို နီးစပ်ရာ တော်လှန်ရေးအင်အားစုတွေကို သတင်းပေးပို့ပြီး တော်လှန်ရေးမှာ အတူပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။