ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ထိန်းချုပ်နယ်မြေ ဒေါနအရှေ့ခြမ်း လေးကေကော်နဲ့ ဝေါလေဒေမှာ အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KLNAနဲ့ ပူးပေါင်းလာတဲ့ တပ်မတော်သားတွေဟာ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၈ဦးထိ ရှိလာပြီဖြစ်တယ်လို့ KICရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
လာရောက်ပူးပေါင်းတဲ့ ဒုတပ်ရင်းမှူးအပါအဝင် အရာရှိ ၅ဦးခန့်ပါဝင်ပြီး KNUလက်အောက်မှာ ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားတယ်လို့ KNLA သတင်းအရင်အမြစ်ကပြောပါတယ်။
“သူတို့ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးတယ်။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်။ ကျနော်တို့ စစ်ကြောင်း နှင့် ပူးပေါင်းဆောင်ရွက်နေသော ခမရ (၅၈၅) မှ ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်မ (၇၇)မှ CDM ဗိုလ်ကြီးတစ်ဦးပေါင်း ၂ဦးက စစ်ကောင်စီစစ်စခန်းဘက်က ပြန်ပစ်တဲ့ လက်နက်ကြီး ၈၀-မမ မော်တာ စိန်ပြောင်းတွေကို ကိုယ်တိုင်လမ်းညွှန် ပစ်ခတ်ပေးတာ စစ်သင်တန်းပေးတာတွေ လုပ်ကူပေးနေတယ်။”လို့ KNLA သတင်းအရင်းအမြစ်ကဆိုပါတယ်။
လေးကေကော်ဒေသမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLAပူးပေါင်းတပ်ဖွဲ့တွေအကြား နေ့စဉ်ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်အုပ်စုက ညစဉ်နီးပါး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Source- KIC