လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ အစ်ကိုဖြစ်သူကို စစ်အုပ်စုက ဖမ်းဆီးပြီး အလောင်းစွန့်ပစ်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်ရဲ့ အစ်ကိုဖြစ်သူကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီးနောက် တစ်ရက်အကြာမှာ အလောင်းကိုစွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွင်းမီဒီယာတခုဖြစ်တဲ့ MFP က ဖော်ပြထားပါတယ်။
ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ ၈၄ လမ်း ၄၂ လမ်းနဲ့ ၄၅ လမ်းကြားမှာရှိတဲ့ ဘီယာဆိုင်တစ်ဆိုင်မှာ လွှတ်တော်ကိုယ်စားလှယ် ကိုဇော်ဇော်အောင်ရဲ့ အစ်ကိုဖြစ်သူ ကိုဖုန်းမြင့်မိုးကို အရပ်ဝတ်နဲ့ လူတစ်စုက ဖမ်းဆီးသွားခဲ့တာပါ။
ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ၂၆ လမ်းပေါ်က သင်္ဂဇာချောင်းအနီးမှာ စစ်အုပ်စုက အလောင်းလာရောက် စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူက သူအလုပ် (တွင်ခုံ) ပဲ သူလုပ်‌တာ၊ အခြားကိစ္စ ဘာမှလည်း မလုပ်ဘူး၊ စိတ်လည်းမဝင်စားဘူး၊ အာ့ဒါကို အခုလိုဖြစ်သွားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်ပြီးနောက် အလောင်းစွန့်ပစ်တာတွေ ဆက်တိုက်လုပ်ဆောင်လာနေခဲ့ပါတယ်။
Source- MFP