ဧဒင်ဦးချစ်ခိုင်နဲ့ ဝန်ကြီးဟောင်းတွေ အပါအဝင် ၇ဦးကို စစ်အုပ်စုက အဂတိမှုနဲ့ ဖမ်းဆီးထားတယ်လို့ဆို

Eden Group of Companies ရဲ့ ဥက္ကဌဖြစ်သူ ဦးချစ်ခိုင်အပါအဝင် စုစုပေါင်း ၇ဦးကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဦးချစ်ခိုင်အပါအဝင် ၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ အမှတ်(၁) သတ္တုဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဆန်း၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်၊ လျှပ်စစ်ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ ဧဒင်ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့ကို စစ်အုပ်စုက အဂတိလိုက်စားတယ်လို့ဆိုပြီး ဖမ်းဆီးထားတယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီရေး လူမှုကွန်ရက်တွေမှာ ဖော်ပြထားပါတယ်။
“ဖမ်းတာဟုတ်ပါတယ် မနေ့က ဖမ်းလိုက်တာ သူ(ဦးချစ်ခိုင်)ရယ် သူ့သားရယ် ဝန်ကြီးဟောင်းတွေလည်းပါတယ်၊ အခုတရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေပါတယ်”လို့ စစ်အုပ်စု ပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းကVoice of Myanmar သတင်းဌာနကို ဖြေကြားထားပါတယ်။
အမှုဖွင့်ရတဲ့ အကြောင်းရင်းကတော့ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်တဲ့ ကျောက်မီးသွေး ထုတ်လုပ် ရောင်းချတာတွေမှာ အဂတိလိုက်စားခဲ့တယ်လို့ဆိုကာ ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ ဇော်မင်းထွန်းက ဆက်ပြောပါတယ်။
လက်ရှိမှာ သူတို့ကိုဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။