ကိုဗစ်လော့ဒေါင်းချမယ့် စီမံချက်ကြောင့် ဘေဂျင်းမြို့ခံတွေ စားနပ်ရိက္ခာကြိုတင်စုဆောင်းနေ

Photo – Reuters

တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာ ကိုဗစ်ရောဂါကူးစက်မှုထိန်းချုပ်ဖို့ လူပေါင်း ၂၁သန်းကို လော့ဒေါင်းချရောဂါစစ်ဆေးမယ့် စီမံချက်ကြောင့် မြို့ခံတွေဟာ စားနပ်ရိက္ခာပြတ်လတ်မှာစိုးရိမ်ပြီး ကြိုတင်ဝယ်ယူစုဆောင်းနေကြပါပြီ။

ဘေဂျင်းခရိုင်စီရင်စု ၁၆ခုထဲက စီရင်စုတခုမှာတော့ လူအမြောက်အများကို ကိုဗစ်စစ်ဆေးမှုတွေ စတင်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီဒေသမှာ မြို့ခံတဦးချင်းစီကို အိမ်ပြင်မထွက်ရ လော့ဒေါင်းသတ်မှတ်ထားပြီး ကိုဗစ်စစ်ဆေးမှုဟာ ဒီကနေ့ ၂၄နာရီလုံးကြာမြင့်မယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးအချက်အချာကျတဲ့ ရှန်ဟိုင်းမြို့အပါအဝင် မြို့တော်တော်များများမှာ ကြုံတွေ့ခဲ့ရတဲ့အတိုင်း အိမ်ပြင်လုံးဝမထွက်ရ တင်းကျပ်တဲ့ စည်းကမ်းကြောင့် စားနပ်ရိက္ခာပြတ်လတ်မှာကို စိုးရိမ်တဲ့အတွက် ဘေဂျင်းမြို့ခံတွေက ကြိုတင်စုဆောင်းထားကြတာ ဖြစ်ပါတယ်။ 

ဧပြီလအစောပိုင်းက လူဦးရေ ၂၅သန်းရှိတဲ့ ရှန်ဟိုင်းမြို့တခုလုံးကို တင်းတင်းကြပ်ကြပ်လော့ဒေါင်းချပြီး ကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ နေအိမ်အားလုံးဆီကို အချိန်မီ စားနပ်ရိက္ခာမပို့နိုင်တာကြောင့် တချို့လူတွေ ရက်ချီ အစာပြတ်လတ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

အစာပြတ်လတ်ပြီး လော့ဒေါင်းချခံထားရတဲ့ ရှန်ဟိုင်းမြို့ခံတွေဟာ ဒေါသထွက်ပြီး တိုက်တွေပေါ်ကနေ ကျယ်ကျုယ်လောင်လောင်အော်ဟစ်နေကြတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး လော့ဒေါင်းကာလအတွင်း တိုက်ပေါ်ကခုန်ချပြီး သေဆုံးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

တင်းကျပ်လွန်းတဲ့မူဝါဒကြောင့်  ရှန်ဟိုင်းပြဿနာဟာ  တရုတ်အစိုးရရဲ့ zero-Covid မူဝါဒအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဘေဂျင်းမှာ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း ကိုဗစ်ကူးစက်ခံရသူအသစ် ၂၉ဦး တွေ့ရှိခဲ့ပြီး ဧပြီလ ၂၂ရက်နေ့ကတည်းက ကူးစက်မှုအသစ် ၇၀ရှိလာပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။