နယ်မြေစုံစမ်းဖို့ အရပ်ဝတ်နဲ့ ထွက်လာတဲ့ စစ်သားနှစ်ဦးကို ဂန့်ဂေါမှာ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေစုံစမ်းလေ့လာဖို့ အရပ်ဝတ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ MPDF – GANGAW က ထုတ်ပြန်ပါတယ်။
တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၄) က တပ်သားအဆင့်ရှိသူ သားငယ်နဲ့ လပြည့်တို့ဟာ ကလေးမြို့ဘက်ကနေ ဂန့်ဂေါဘက် စစ်ကြောင်းထိုးလာရင်း ဟားခါးမြို့နဲ့ ဂန့်ဂေါမြို့ကြားရှိ ဘုံးဇုန်ကျေးရွာအနီး တပ်စွဲထားစဉ် ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေစုံစမ်းလေ့လာဖို့ ဧပြီ ၂၁ ရက်နေ့ နံနက် ၉ နာရီလောက်က အရပ်ဝတ်နဲ့ ထွက်လာခြင်းဖြစ်ပြီးကင်းပုန်းဝပ်နေတဲ့ MPDF – GANGAW တပ်ဖွဲ့ဝင်တွေက တွေ့ရှိ ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။
သူတို့နှစ်ဦးကို MPDF – GANGAW ရဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ ဒေသခံ ပကဖ အဖွဲ့၊ YPDF တပ်ဖွဲ့တို့နဲ့ ပူးပေါင်းစစ်ဆေးခဲ့ပြီးနောက် YPDF က တာဝန်ယူကာ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းထံ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်သား သားငယ်ဟာ လုပ်သက် ၄ နှစ်ရှိပြီဖြစ်ပြီး လပြည့်မှာ လုပ်သက် ၂ နှစ်ရှိပြီ ဖြစ်ပါတယ်။