တောင်ငူခရိုင် KNDO တပ်ရင်း (၄) နယ်မြေအတွင်း စစ်တပ်စခန်း တည်ဆောက်တပ်စွဲထားတာကို ၁၅ ရက်အတွင်းအပြီးတိုင်ရုပ်သိမ်းထွက်ခွာဖို့ ဒီနေ့ရက်စွဲနဲ့ ရာဇသံပေးလိုက်ပါတယ်။
တောင်ငူခရိုင် KNDO တပ်ရင်း (၄) နယ်မြေအတွင်းရှိ အထူးသဖြင့် ကျီးချောင်စစ်စခန်းနဲ့ ၄၈ မိုင် ကိုးဒေးစစ် စခန်းတွေကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့နေရခြင်း၊မိုင်းကွင်းတွေကြောင့် နေ့စဉ် သွားလာနေထိုင်စားသောက်ရာမှာ အခက်အခဲဖြစ်ရခြင်းနဲ့ စစ်တပ်ရဲ့ ဦးတည်ချက်မဲ့ ပစ်ခတ်ခြင်းတွေကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစစ်စခန်းတွေ တည်ဆောက်တပ်စွဲထားတာ ၁၀ စုနှစ် တစ်ခုကျော်ပြီဖြစ်ပြီး ကရင်လူထုနဲ့ တိုင်းရင်းသား ပြည်သူတွေအတွက် ကောင်းကျိုးသက်ရောက်မှု မရှိတဲ့အပြင် ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားပါ ထိခိုက်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် အခုကြေညာချက်ထုတ်တဲ့ နေ့ကစပြီး ၁၅ ရက်အတွင်း တပ်စခန်းတွေ ရုပ်သိမ်းထွက်ခွာခြင်း မရှိပါက နောက်ဆက်တွဲကိစ္စတွေကို တာဝန်ယူမှာ မဟုတ်ကြောင်းလည်း သတိပေးထားပါတယ်။