မြန်မာ့နယ်စပ် ကုန်သွယ်မှု ကန်ဒေါ်လာ ၂ ဘီလီယံကျော်လျော့ကျ

မြန်မာ့နယ်စပ် ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးကို အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံ လျော့ကျခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။
တရုတ်နယ်စပ် ကုန်သွယ်မှုမှာတော့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျဆင်းခဲ့ပါတယ်။
မီနီဘတ်ဂျက်အတွင်း ကုန်သွယ်မှု လျော့ကျမှု သိသိသာသာမဖြစ်ခင် စစ်အုပ်စုက သွင်းကုန်ကန့်သတ်မှု မူဝါဒတွေ ချမှတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းမှာဆိုရင် ဗဟိုဘဏ်က ပို့ကုန်တင်သွင်းသူတွေ အနေနဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ ဝင်ငွေတွေကို ရက် ၃၀ အတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လိုင်စင်ရဘဏ် တွေကိုသာ ဈေးကွက်ပေါက်ဈေးနဲ့ မပျက်မကွက် ရောင်းချရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးက ပမာဏအများဆုံးအနေနဲ့ ရပ်တည်ခဲ့ရာကနေ ၂၀၂၁ – ၂၀၂၂ မီနီဘတ်ဂျက်ကာလမှာတော့ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးက တဟုန်ထိုး မြင့်တက်ခဲ့တယ်လို့လည်း ISP-Myanmar ကဆိုပါတယ်။
မီနီဘတ်ဂျက်ကာလအကုန်မှာ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးကို ကာလတူနှိုင်းယှဉ်ရင် ယခင်ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာသန်း ၆၄၀ ကျော်တက်လာခဲ့ကာ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုဟာ ယခင်ဘဏ္ဍာနှစ်မှာ စုစုပေါင်း နယ်စပ်ကုန်သွယ်မှုရဲ့ ၃၄ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းကျော် ဖြစ်လာခဲ့ပါတယ်။
မြန်မာ-ထိုင်းကုန်သွယ်မှုမှာ အဓိက ကုန်သွယ်ဂိတ်ဖြစ်တဲ့ မြဝတီမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ နီးပါး၊ နဘုလယ်/ ထီးခီးမှာ အမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်၊ မောတောင်မှာ အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး မြင့်တက်ခဲ့တာကြောင့် ဖြစ်ပါတယ်။