ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့၊ဘုရင့်နောင်လမ်းဆုံမှာရှိတဲ့ ကမာရွတ်ရဲစခန်းနားမှာ ၅ ကြိမ်ထက်မနည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မနက်ပိုင်း ၅ နာရီကျော်နဲ့ ၇ နာရီမထိုးခင်လောက်မှာ ကျယ်လောင်တဲ့ပေါက်ကွဲသံတွေကြားရပြီးနောက် ဆက် တိုက်ဆိုသလို သေနတ်သံတွေ ကြားလာရတယ်လို့ ရဲစခန်းအနီး အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ဦး ကပြောပါတယ်။
‘မနက်၅နာရီကျော်မှာ ပေါက်ကွဲတာကတော့ ဆက်တိုက်ပဲ။၇နာရီလောက်မှာပေါက်ကွဲတာကတော့ နည်း နည်းခြားတယ်။ပေါက်ကွဲမှုဖြစ်ပြီးတော့ ရဲတွေက သေနတ်တွေနဲ့ပစ်တာ ပြည်ရိပ်မွန်မှာနေတဲ့ အမျိုးသား တစ်ဦး ခေါင်းပွင့်သွားတယ်လို့ သိရတယ်။ရဲစခန်းဘေးမှာ ကမီးပွိုင့်ရှိတော့ အဲဒီမီးပွိုင့်မှာမီးပွိုင့်မိနေတဲ့ ကားပေါ်က တစ်ယောက်လည်းသေနတ်မှန်တယ်လို့ ပြောကြတယ်။အဲဒီတစ်ယောက်သေနတ်မှန်တာ ဟုတ် ၊မဟုတ် သေချာမသိဘူး။အကုန်ဝရုန်းသုန်းကားနဲ့ဆိုတော့ သူပြေးကိုယ်ပြေးပြေးရတာ’လို့ သူကပြောပါတယ်။
ကမာရွတ်ရဲစခန်းအနီး နေထိုင်သူတစ်ဦးက ကျယ်လောင်တဲ့ပေါက်ကွဲသံတွေကို ကြားရပေမဲ့ ပေါက်ကွဲမှုဖြစ် စဉ်ကိုမူ သေချာမသိဘူးလို့ဆိုပါတယ်။
‘ရဲစခန်းထဲကို အပြင်ကားလမ်းပေါ်ကနေ ဗုံးပစ်သွင်းတာလား။ထောင်ထားတဲ့ဗုံးတွေ ပေါက်ကွဲတာလားဆိုတာကိုတော့ သေချာမသိဘူး။သေချာသိတာကတော့ ပေါက်ကွဲသံကြားလို့ ထကြည့်တဲ့အချိန်မှာ စခန်းထဲကကောင်တွေက ကားလမ်းပေါ်က လူတွေဘက် သေနတ်တွေနဲ့ ရမ်းပစ်နေ တာပဲ။အဲဒါနဲ့ ကျွန်တော်တို့လည်း အမြန် အိမ်မီးဖိုချောင်ထဲ ဝင်ပုန်းရတယ်’လို့ သူကပြောပါတယ်။
ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ရဲစခန်းနဲ့ကားလမ်းသာခြားတဲ့ ဂရန်းဟန်သာဆေးရုံကို ပိတ်လိုက်တာတွေ့ရ သလို ရဲစခန်းရှေ့ကားအသွားအလာလည်းလုံးဝရှင်းသွားတယ်လို့ သိရပါတယ်။
‘ခွေးတွေက ထုံးစံအတိုင်း လျှောက်စစ်ပြီလေ။အဲဒါနဲ့ ဘုရင့်နောက်ဘက်ကလာတဲ့ကားတွေ ကွေ့တဲ့ကား ပြန်ကွေ့။တချို့ကားတွေက ရွာမကွေ့ကနေ ဗဟိုလမ်းဘက် တက်ပေါ့။ကျွန်တော်ကတော့ သင်္ဘောကျင်းအကျော်က အတွင်းလမ်းကနေ အရိုးဆေးရုံဘက် ထွက်ခဲ့တယ်’လို့ ချောင်းဝအနီးနေ တက္ကစီဆရာတစ်ဦးကဆိုပါတယ်။