ဧရာဝတီတိုင်း အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ထောက်တိုင်တွေကို ခုခံတိုက်ခိုက်နေတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ငပုတောမြို့ပြပြောက်ကျားတပ်ဖွဲ့တို့ မဟာမိတ်အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ မြို့ပြ Mission တွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် သဘောတူညီချက်တွေနဲ့ မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်တာလို့ ဒီကနေ့ ဧပြီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်လာခဲ့တာပါ။
မြို့ပြပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ ဧရာဝတီတိုင်းရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ရေမြေသဘောတရားအရ တိုက်ပွဲကြီးတွေကို မဖော်ဆောင်နိုင်သေးချိန်မှာ စစ်အုပ်စုရဲ့ ထောက်တိုင်တွေကို ရှင်းလင်းတာ စစ်အုပ်စုရဲ့ ဝင်ငွေရစေမဲ့နည်းလမ်းတွေကို ဖြတ်တောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုကတော့ ပုသိမ်မြို့နယ်အတွင်းမှာရှိတဲ့ ချောင်းသာနဲ့ ငွေဆောင်ကားလမ်း တလျှောက်မှာရှိတဲ့ တောတွင်းနေရာတွေကို အင်အားအများအပြားနဲ့ တောနင်းရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။