သီရိလင်္ကာနိုင်ငံမှာ စီးပွားရေကပ်ဘေးပြဿနာကြောင့် အကြပ်အတည်းရင်ဆိုင်နေရချိန် ဧပြီလ ၁၉ရက်နေ့မှာ ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ ဆန္ဒပြသူတဦးသေဆုံးပြီး နောက်ထပ် ၂၄ဦး ဒဏ်ရာရခဲ့ပါတယ်။
မနေ့က ဆန္ဒပြ လူအုပ်ကြီးဟာ မြို့တော် ကိုလံဘိုနဲ့ ကန်ဒီမြို့ကို ဆက်ထားတဲ့ ရထားလမ်းနဲ့ အဝေးပြေးလမ်းဆုံတခုကို ပိတ်ဆို့ဆန္ဒပြနေချိန် ရဲတပ်ဖွဲ့က ပစ်ခတ်လို့ လူတဦးသေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဆေးရုံဝန်ထမ်းတဦးက ပြောပါတယ်။
ဆန္ဒပြသူတွေက ဒီဇယ်ဆီတင်ဆောင်လာတဲ့ကားကြီးတစီးကို မီးရှို့နေချိန်မှာ လူစုခွဲဖို့အတွက် မျက်ရယ်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ လွတ်လပ်ရေးရပြီး ၁၉၄၈ခုနှစ်နောက်ပိုင်းကတည်းက အဆိုးရွားဆုံးစီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး နိုင်ငံနေရာတော်တော်များများမှာ လျှပ်စစ်မီးပြတ်တောက်တာ ၊ လောင်စာဆီနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ပြည်သူတွေက အစိုးရကို ရာထူးကနှုတ်ထွက်ဖို့ တောင်းဆိုနေကြပြီး အစိုးရကလည်း အရေးပေါ်ဘဏ္ဍာရေးအကူအညီရဖို့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နဲ့ ညှိနှိုင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။