ဧပြီလ ပထမလဝက်အတွင်း တိုက်ပွဲတွေမှာ စစ်အုပ်စု ၈၁ ဦးသေ

KNU မူတြော်ခရိုင် အမှတ် (၅) တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း ဧပြီလ ၁ ရက်နေ့က စတင်ပြီး ၁၅ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၁၇၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၈၁ ဦး သေဆုံးကာ ၄၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
စစ်အုပ်စုက သေဆုံးသူတွေထဲမှာ တပ်ခွဲမှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်ကြပ်တစ်ဦးပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်းမှာ KNLA တပ်မဟာ (၁) က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရပြီး KNLA ပူးပေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း အထိနာတဲ့ စစ်အုပ်စုဟာ လက်နက်ကြီးတွေ အလုံး ၄၃၀ ကျော်အထိ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ပြည်သူတွေ နေထိုင်ရာ နေရာတွေကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ ၂ ဦး အသက်ဆုံးပါးခဲ့ရတယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ် ၂ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီး ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သယ်ယူရာမှာ အသုံးပြုတဲ့ တံတား ၃ စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။