မင်္ဂလာဒုံမြို့နယ်မှာ ကြံ့ဖွံ့ပါတီဝင်တစ်ဦးရဲ့ နေအိမ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ၂/က စံပြရပ်ကွက် ခေတ္တာလမ်းမှာရှိတဲ့ ကြံ့ဖွံ့ပါတီဝင်တစ်ဦးရဲ့ နေအိမ်အတွင်းမှာ ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၈ နာရီလောက်က ခေတ္တာလမ်းမှာရှိတဲ့ ကြံ့ဖွံ့ပါတီဝင်တစ်ဦးဖြစ်သူ ဦးဖိုးထွေးရဲ့ နေအိမ်ကို အမည်မသိ သေနတ်သမားအချို့က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဦးဖိုးထွေးနေအိမ်အတွင်းမှာရှိတဲ့ မိသားစုဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လာရောက်ပစ်ခတ်သူတွေထဲက တစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။
အကြမ်းဖက်စစ်အုပ်စုကတော့ အခင်းဖြစ်စဉ်အနီးအနားကို ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်နေပြီး လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ သိရပါတယ်။