ပုသိမ် အကျဉ်းထောင်အတွင်း ကိုယ်ဝန်ဆောင် နိုင်ငံရေး အကျဉ်းသားတစ်ဦး မီးဖွားဖို့ ခက်ခဲ

Photo- CJ
ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အတွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့ ကိုယ်ဝန်ဆောင် နိုင်ငံရေးအကျဉ်းသားတဦး မီးဖွားနိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။
“ကန်ကြီးထောင့် ညောင်ပင်ကြီးကျေးရွာက ကိုယ်ဝန်ဆောင်သည် နိုင်ငံရေးအကျဉ်းသားပါ ၅၀ည၊ ၅၂က တွေနဲ့ အဖမ်းခံထားရတာ၊ ဒီရက်ပိုင်းအတွင်းမှာ မီးဖွားမယ်လို့ သိရတယ်၊ ပုသိမ်ဆေးရုံကြီးမှာပဲ မီးဖွားနိုင်ဖို့ လုပ်ပေးတယ်လို့ သိရပါတယ်၊ အကူညီတွေလိုအပ်တာက အခုထိ မီးဖွားပြီးရင် အသုံးပြုဖို့ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေသေးတယ်”လို့ ပုသိမ်မြို့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့ အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပုသိမ်အကျဉ်းထောင်အတွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့ ကိုယ်ဝန်ဆောင်သည် နိုင်ငံရေးအကျဉ်းသား ၃ ဦးထက်မနည်းရှိနေပြီး မိခင်ဖြစ်သူနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။