Guys From Chin အဖွဲ့က ကျန်ဖိုင်ခရိုင် စစ်ဘေးရှောင်တွေကို ရူပီး ၇ သိန်းလှူဒါန်း

Guys From Chin အဖွဲ့က အွန်လိုင်း ရန်ပုံငွေရှာဖွေရေး ဖျော်ဖြေပွဲပြုလုပ်ပြီးရရှိတဲ့ အလှူငွေ ရူပီး ၇ သိန်း (မြန်မာငွေ သိန်း၁၆၀ ကျော်) ကို မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်သာရ်ရွာမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေ အတွက်မနေ့က ဧပြီလ ၃ ရက်နေ့မှာလှုဒါန်းခဲ့တယ်လို့ Zalen မီဒီယာက ဖော်ပြထားပါတယ်။
အလှူငွေအားလုံးကို ဇိုခေါ်သာရ် ကျေးရွာအုပ်ချုပ်ရေးနဲ့လူမှုရေးအဖွဲ့အစည်းတွေက လက်ခံထားပြီး လိုအပ်တဲ့ စစ်ဘေးရှောင်တွေထံ ပြန်လည်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဇိုခေါ်သာရ်ရွာမှာ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့နဲ့ ဟိုင်မွှောလ်ကျေးရွာက စစ်ရှောင်တွေ သွားရောက်ခိုလှုံကြပြီး အဆိုပါရွာတွေမှာ စစ်ဘေးရှောင် ၂ ထောင်ကနေ ၃ ထောင်ကြားဟာ ဝက်ခြံ၊ ကြက်ခြံတွေမှာ ခက်ခက်ခဲခဲ နေထိုင်နေကြရတယ်လို့သိရပါတယ်။ Guys From Chin အဖွဲ့က ထောင်ဘွဲ့၊ ဒေးဗစ်လိုင်၊ ဘင်ဂျာမင်ဆုမ်းနဲ့ ယောဂီတို့က သွားရောက်ပေးအပ်ခဲ့ကြတာပါ။
၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်ကလည်း မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် ကျပီးကျေးရွာက စစ်ဘေးရှောင်တွေ အတွက် ရူပီး ၆ သိန်းကျော်ကို Guys From Chin အဖွဲ့က သွားရောက်ပေးအပ်ခဲ့ကြပါတယ်။