စစ်အုပ်စုပြုလုပ်မယ့် အတုအယောင်သင်္ကြန်ကို သပိတ်မှောက်ကြဖို့ တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်သင်္ကြန်ကို သပိတ်မှောက်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ GSCB က‘မြန်မာနှစ်သစ်ကူးသင်္ကြန်နှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်လွှာ’ ဆိုပြီး ထုတ်ပြန်ရာမှာ အဲဒီလို ဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေတဲ့ “အပျော်သင်္ကြန်” ကို လုံးဝလက်မခံ၊ ငြင်းဆန်ပြီး “တော်လှန်သင်္ကြန်” အဖြစ် မှတ်ယူ၊ ဖြတ်သန်းကြရမှာဖြစ်ပြီး တော်လှန်င်္ကြန်အဖြစ် ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတာကို မကြာခင် ဆက်လက်တင်ပြသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်ကို ပုံမှန်ဖြစ်နေသယောင် လုပ်ကြံဖန်တီးမယ့် အတုအယောင် အပျော်သင်္ကြန်နဲ့ သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ၊ ပွဲလမ်းသဘင် အစီအစဉ်တွေ ကျင်းပနိုင်ရေးအတွက် အထူးအားစိုက် ကြိုးပမ်းနေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးအတွင်း ကျဆုံးသွားသူတွေ၊ အကျဉ်းကျ သူရဲကောင်းတွေ၊ တိုက်ပွဲဝင်နေတဲ့ PDF နဲ့ EROs စစ်သည်တော်တွေ၊ CDM သူရဲကောင်းတွေ၊ သိန်းပေါင်းများစွာသော စစ်ဘေးသင့် ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် အပျော်သင်္ကြန်နဲ့ လုံးဝ မပူးပေါင်း၊ မပါဝင်ဘဲ သပိတ်မှောက်ကြဖို့ GSCB က ဆိုပါတယ်။