PDFတွေရဲ့ တိုက်ခိုက်မှုဒဏ် အကြိမ်ကြိမ်ခံနေရတဲ့ ခရမ်းသုံးခွမှာ ကင်းပုန်းတွေ ပိုက်စိပ်တိုက်ချ

PDFတွေရဲ့ ထိရောက်တဲ့ တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ်ခံနေရတဲ့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းသုံးခွမြို့ပေါ်တွေမှာ အကြမ်းဖက်စစ်တပ်ကင်းပုန်းတွေ ပိုက်စိပ်တိုက်ချထားတယ်လို့ သိရပါတယ်။
ခရမ်းမြို့ပေါ်က နေရာတိုင်းလိုလိုမှာ နေ့စဉ် စစ်တပ်ကင်းပုန်းတွေရှိနေပြီး ကင်းပုန်းနေရာတစ်နေရာမှာ စစ်သားတစ်ယောက်(သို့မဟုတ်)နှစ်ယောက် ကင်းပုန်းချထားတယ် ၊ တချို့ကင်းပုန်းနေရာတွေမှာ အရပ်ဝတ်တွေနဲ့ ရှိနေကာ သာမန်ပြည်သူပုံစံ အယောင်ဆောင်ထားပြီး ကင်းပုန်းအများဆုံးချထားတဲ့နေရာမှာ ခရမ်းမြို့ ၊ မင်းလမ်းထဲမှာ ဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန် ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
ကင်းပုန်းချထားတာကို သိရှိတာနဲ့တစ်ပြိုင်နက် ပြည်သူတွေက သတင်းပေးထားပြီးဖြစ်လို့ ကင်းသမားတွေ အိပ်ရေးပျက်တာသာ အဖတ်တင်မယ်လို့ ခရမ်းမြို့ပေါ်နေတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
‘စစ်ခွေးတွေပုံစံကစိတ်ပျက်လက်ပျက်မလုပ်ချင်ဘဲလုပ်နေရတဲ့ပုံစံမျိုးပါ။ပြီးတော့ အရပ်ဝတ်နဲ့ကောင်တွေ ကလည်း ထောက်လှမ်းရေးပညာလည်းဘာမှမတတ်တာရော၊အသတ်ခံရမှာစိုးလို့ တောင်ကြည့်မြောက်ကြည့် နဲ့ကြောက်နေတာရောဆိုတော့ သိသာလွန်းတယ်။ကျွန်တော်တို့ပြည်သူတွေက စစ်ခွေးသတင်းတွေ ရတာနဲ့ အပြန်အလှန်မျှဝေပြီးသားဆိုတော့ အိပ်ရေးပျက်ခံ စောင့်ကြပေါ့’လို့ သူကပြောပါတယ်။
ခရမ်းလိုပဲ သုံးခွမြို့ပေါ်မှာလည်း အရပ်ဝတ်အသွင်ယူ စစ်သားတွေနဲ့ ကင်းပုန်းတွေ များစွာ တိုးလာတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ TGA News Channel က ဖော်ပြပါတယ်။
‘ညဘက် ၇ နာရီလောက်ဆို အောင်ဇေယျလမ်းပေါ် တောင် ၉ရပ်ကွက်ဘက် သိပ်မသွားရဲတော့ဘူး။ဒီဘက်က ရဲစခန်းဘက်တို့ သုံးခွအင်းလျားဘက်တို့ဆို မဖြတ်ရဲကြတော့ဘူး။ကင်းပုန်းတွေရှိနေတာကိုး’လို့ သုံးခွမြို့ အောင်ဇေယျာလမ်းနေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ခရမ်းမြို့၊ မြို့အဝင်အထွက်လမ်းနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဒီနေ့ကစပြီး မှတ်ပုံတင်မူရင်း ပါရှိမှသာ သွား လာခွင့်ရတော့မယ်လို့ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
ခရမ်းမြို့ပေါ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ်နေရာတွေကို ခရမ်း PDF ဗုံးသီးလောင်ချာနဲ့ တိုက်ခိုက်ခဲ့သလို သုံးခွရဲစခန်းကိုလည်း Thongwa Youth Force က ဗုံးသီးလောင် ချာနဲ့တိုက်ခိုက်ခဲ့ပါတယ်။