ဩစတြေးလျမှာ ဆိုးဆိုးရွားရွား ရေကြီးရေလျှံနေ

Photo – AP

ဩစတြေးလျနိုင်ငံ ၊ နယူးဆောက်ဝေးပြည်နယ်မှာ ဒီကနေ့ မတ်လ ၃၁ရက်နေ့က လေဖိအားနည်းရပ်ဝန်းတခု ဖြတ်ကျော်ချိန် လေပြင်းတွေ တိုက်ခတ်ပြီး ရေကြီးရေလျှံတာတွေကြောင့် ဒေသခံတွေကို ဘေးလွတ်ရာရွေ့ပြောင်းနေရတယ်လို့  အာဏာပိုင်တွေက ပြောပါတယ်။ 

ဒါဟာ နယူးဆောက်သ်ဝေးပြည်နယ်မှာ တလအတွင်း ဒုတိယအကြိမ်မြောက် ရေကြီးရေလျှံတာဖြစ်ပြီး မြို့တော် ဆစ်ဒနီအပါအဝင် ကမ်းရိုးတန်းဒေသတလျောက် မိုင်ပေါင်း ၁၂၀၀ အထိ ရေလွှမ်းမိုးမှု အန္တရာယ်ပျံ့နှံခဲ့တယ်လို့ ဆိုပါတယ်။ 

ဆိုးရွားတဲ့ ရာသီဥတုအခြေအနေအတွင်း လူ ၂ဦးသေဆုံးခဲ့ပြီး ရေထဲမြောပါသွားသူတယောက်ကိုလည်း ရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

လက်ရှိအချိန်ထိ ဒေသခံ ၃သောင်းကျော် ရေဘေးသင့်နေပြီး ကယ်ဆယ်ရေးလမ်းကြောင်းတွေ ဆက်လက် လုပ်ဆောင်နေကာ မြစ်ရေမြင့်တက်မှုတွေလည်း ရှိနေတယ်လို့  မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

ရာသီဥတုအခြေအနေဟာ  လေပြင်းတိုက်ခတ်မှုနဲ့  ပင်လယ်လှိုင်းအန္တရာယ်အဖြစ်သို့ ကူးပြောင်းနေတယ် 

အဓိကစိုးရိမ်တာက ပုံမှန်မဟုတ်တဲ့ ဒီရေတက်တာ၊ ကမ်းရိုးတန်းတိုက်စားတာတွေနဲ့  အထူးသဖြင့် ကမ်းခြေမှာရှိတဲ့ နေအိမ်တွေ ၊ မြေနိမ့်ပိုင်းတွေ ရေနစ်မြုပ်နိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ 

မျိုးဆက်တစ်ခုအတွင်း အဆိုးရွားဆုံး တောမီးပြဿနာ ရင်ဆိုင်ရပြီး နှစ်နှစ်အကြာမှာတော့  သြစတြေးလျရဲ့ လူဦးရေထူထပ်တဲ့  အရှေ့ဘက်ကမ်းရိုးတန်းဟာ လာနီညာ ရာသီဥတုပုံစံကြောင့် ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှု ၊ လေပြင်းတိုက်ခတ်မှုနဲ့ မြစ်ချောင်းတွေ ပြည့်လျှံတာနဲ့ စံချိန်တင်ရေကြီးရေလျှံတဲ့ သဘာဝဘေးတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။