သန်လျင် ကညနရုံးမှာ ဗုံးပေါက်၊ လိုင်စင်သက်တမ်းတိုး ယာဉ်တချို့ ထိခိုက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်က ကညနရုံးမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လိုင်စင်သက်တမ်းတိုးဖို့ တန်းလာစီနေတဲ့ မော်တော်ယာဉ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီလောက်က သန်လျင် ကညနရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သန်လျင်မြို့ခံ တစ်ဦးက ဗုံးပေါက်ကွဲသံ နှစ်ကြိမ်ကြားခဲ့ရတယ်လို့ အတည်ပြုပါတယ်။
‘ ကညနရုံးမှာ ပေါက်တာ။ ကျွန်တော် ပေါက်ကွဲသံ နှစ်ခါကြားလိုက်တယ်ဗျ’ လို့ သူက ပြောပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ကညနရုံးကို လိုင်စင်သက်တမ်းတိုးဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ မော်တော်ယာဉ်တချို့ ထိခိုက်ပျက်စီးတာတွေ ရှိပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်သလဲဆိုတာတော့ မသိရသေးပါဘူး။
ပေါက်ကွဲမှု အပြီးမှာတော့ အကြမ်းဖက်စစ်တပ် ရောက်လာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။