ခရမ်း၊ ဘုရားပျိုရဲစခန်းထဲ ဗုံး ၃ လုံးကွဲ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာရဲစခန်းအတွင်း ဒီနေ့မွန်းလွဲပိုင်းက ဗုံး၃လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ခရမ်းမြို့ ဘုရားပျိုကျေးရွာ ရဲစခန်းအတွင်း ဒီနေ့မွန်းလွဲ တစ် နာရီခွဲလောက်က ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီး ခဏအကြာမှာ သေနတ်ပစ်သံတွေ အချက်ပေါင်းမနည်း ထွက်ပေါ်လာခဲ့ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြ ပါတယ်။
ထွက်ပေါ်လာတဲ့ သေနတ်သံဟာ အပြန်အလှန်ပစ်ခတ်မှုလို့ယူဆကြောင်း ခရမ်းချန်နယ်ကဆိုပါတယ်။
‘အခုအချိန်ထိတော့ ထိခိုက်မှုသတင်းမကြားရသေးဘူး။သိရတာက လက်ပစ်ဗုံးနဲ့ရဲစခန်းထဲလှမ်းပစ်ထည့် ပြီး မှ အပြန်အလှန်ပစ်ကြတာ။ဗုံး၃လုံးစလုံး ရဲစခန်းထဲကျတယ်’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
ဘယ်အဖွဲ့ကတိုက်ခိုက်သလဲဆိုတာ မသိရသေးပေမဲ့ ခရမ်းမြို့နယ်အတွင်းစစ်ရေးပစ်မှတ်တွေကို ထိထိမိမိ တိုက်ခိုက်နေတာ ခရမ်းPDF ဖြစ်ပါတယ်။