အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ ပြည်သူတွေကို မမေ့ဘူးလို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ ပူးတွဲထုတ်ပြန်

မတ်လ ၂၇ ရက်နေ့၊ ဒီနေ့မှာ အကြမ်းဖက် သတ်ဖြတ်ခံရသူတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေကို အမှတ်ရမိတယ်လို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့မှာ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တုန်းက အနည်းဆုံး လူ ၁၀၀ လောက် သတ်ဖြတ်ခံခဲ့ရခြင်း အပါအဝင် ၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း သတ်ဖြတ်ခံရတဲ့သူတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေကို အမှတ်ရမိတယ်လို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဒီနေ့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်မှုတွေကို ရပ်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ပို့ဆောင်ဖို့ စစ်တပ်ကို ထပ်မံတောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတချို့ဟာ မြန်မာစစ်အာဏာရှင်က အကြမ်းဖက်မှုတွေနဲ့ဖိနှိပ်ညှင်းပန်းမှုတွေကို ဆက်လက်ဆောင်ရွက်နိုင်စေမယ့် လက်နက်အထောက်အပံ့တွေကို ဆက်လက် ပေးအပ်နေကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် A/RES/75/287 နဲ့အညီ မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းကိရိယာတွေ၊ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာတွေ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်းနဲ့ နည်းပညာ အကူအညီပေးအပ်ခြင်းတွေ ရပ်တန့်ကာ မြန်မာပြည်သူတွေကို အားပေးထောက်ခံကြဖို့ တိုက်တွန်းကြောင်းလည်းပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပူးတွဲကြေညာချက်ကို ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နဲ့ အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ဘော့စနီးယား နဲ့ ဟာဇီဂိုးဗီးနား၊ ကနေဒါ၊ ဂျော်ဂျီယာ၊ အိုက်စ်လန်၊ လက်ချင်စတိန်း၊ မာရှယ်အိုင်လန်၊ မက်ခရိုနီးရှား၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မက်ဆီဒိုးနီးယား (မြောက်)၊ နော်ဝေး၊ ပလောင်း၊ ကိုရီးယား၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ယူနိုက်တက်ကင်းဒမ်းနဲ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့က ထုတ်ပြန်ခဲ့တာပါ။