မုန်တိုင်းရှောင် ပြည်သူတွေ နေအိမ်ပြန်ကြပြီ

ဓာတ်ပုံ- Heart Laputta
မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ အားပျော့ပျောက်ပျယ်သွားပြီးနောက် ဒီကနေ့ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ မုန်တိုင်းရှောင် ပြည်သူတွေဟာ နေအိမ်အသီးသီးကို ပြန်လည်နေထိုင်နေကြပြီလို့ ပြင်စလူမြို့ ဒေသခံတွေက ပြောပါတယ်။
မုန်တိုင်းငယ်ကြောင့် လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ်၊ဖျာပုံမြို့နယ်နဲ့ ငပုတောမြို့နယ်က ပြည်သူတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး မုန်တိုင်းဒဏ်ခံ အဆောက်အဦးတွေမှာ တစ်ညတာ ခိုလှုံခဲ့ကြတာပါ။
နာဂစ်မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရတဲ့ လပွတ္တာမြို့နယ် ပြင်စလူမြို့က ပြည်သူတွေကတော့ စာသင်ကျောင်းရှပ်တာနဲ့ ဆေးရုံရှပ်တာတွေမှာ ခိုလှုံခဲ့ရာကနေ နေအိမ်တွေကို ပြန်ကြပြီလို့ ဆိုပါတယ်။
“အကုန်လုံး ပြန်ကြပါပြီ၊ ရာသီဥတုကလည်း ကြည်ကြည်လင်လင် ဖြစ်နေပြီ ထူးထူးခြား ပျက်စီးသွားတာတော့ မရှိပါဘူး၊ နာဂစ်ကိုကြုံခဲ့ရတော့ မုန်တိုင်းဆိုတာနဲ့ ဒီဖက်မှာက ကြောက်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျေးရွာတွေကနေ မြို့ပေါ်ကို မုန်တိုင်းရှောင် သွားရောက်နေတဲ့ ပြည်သူတွေကတော့ စက်လှေမထွက်ရှိသေးတာကြောင့် နေရပ်တွေကို ပြန်နိုင်ခြင်း မရှိသေးဘဲ မတ်လ ၂၄ရက်နေ့ စက်လှေတွေ ပြန်လည်ထွက်ခွာခွင့်ရမှ နေရပ်တွေကို ပြန်လည်မယ်လို့ ဆိုပါတယ်။