အာဏာသိမ်းပြီးနောက် လူမျိုးတုံးသတ်ဖြတ်မှုနည်းပရိယာယ်တွေကို မြန်မာစစ်တပ် အသုံးပြုလာ

အာဏာသိမ်းပြီးနောက် လူမျိုးတုံးသတ်ဖြတ်မှုနည်းပရိယာယ်တွေကို မြန်မာစစ်တပ်က အသုံးပြုလာကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရက တရားဝင်သတ်မှတ်ကြောင်း ကြေညာရာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ထည့်သွင်းပြောခဲ့တာပါ။
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း မတ်လ ၂၁ ရက်နေ့၊ သတ်မှတ်ထုတ်ပြန်ခြင်းဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ကျူးလွန်မှုအတွက် အဓိက သတ်မှတ်ခြင်းဖြစ်ပေမဲ့ အခြားသော လူနည်းစုတိုင်းရင်းသားတွေနဲ့ ဘာသာခြားတွေအပေါ် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ အခြားကြမ်းကြုတ် ရက်စက်မှုတွေကို အသိအမှတ်ပြုဖို့လည်း အရေးကြီးကြောင်း နိုင်ငံခြားရေးဝန်ကြီးကဆိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရေး လှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကိုယ်တိုင်ဟာ တခြားလူနည်းစုတိုင်းရင်းသားတွေနဲ့ ဘာသာခြားတွေအပေါ် အကြမ်းဖက်နှိပ်စက်မှုတွေကို ကျူးလွန်ခဲ့ကြသူများ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံအတွင်း သူတို့ရဲ့ ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှုကို ဆန့်ကျင်၊ ပျက်ပြားစေတယ်လို့ ယူဆတဲ့ ဘယ်သူ့ကိုမဆို ပစ်မှတ်ထားလာတယ်လို့လည်း ဆိုပါတယ်။