ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့အခွန်ရုံးနဲ့ စစ်တပ်အားကိုးပြီး ပြည်သူအပေါ် မောက်မာရိုင်းစိုင်းနေတဲ့ စာရေးမတစ်ဦးရဲ့ နေအိမ်တို့ကို ဗုံးနှစ်လုံးဖောက်ခွဲကာ သတိပေးခဲ့ကြောင်းသိရပါတယ်။
ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်နဲ့ ၇ နာရီ ၄၇ မိနစ်တို့မှာ သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Thongwa Youth Force – T.Y.F) က အခွန်ရုံးနဲ့ သုံးခွမြို့ရဲ့ အစောဆုံးဒလန်လို့ဆိုကြတဲ့ အမှတ် ၁ ရပ်ကွက် စာရေးမ အိမ်တို့ကို ဖောက်ခွဲခဲ့ခြင်းဖြစ်ပါတယ်။
‘အခွန်ရုံးက ပျက်စီးမှုတော့ ရှိပါတယ်။ ဝန်ထမ်းတွေကတော့ ထိခိုက်မှုမရှိပါဘူး။ သတိပေးတဲ့အနေနဲ့ ဖောက်တာပါ။စာရေးမအိမ်ကလည်း အိမ်ရှေ့မှာဖောက်တာ။ အိမ်ထဲမှာမိသားစုတွေလည်းရှိတော့ လူမထိခိုက်အောင် အိမ်ရှေ့မှာသတိပေးဖောက်ခွဲတာ’ လို့ T.Y.F တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သုံးခွအခွန်ရုံးကို သုံးခွစီးပွားရေးသမားတချို့က ကျည်ဆန်ဖိုးအခွန်သွားပေးနေတာကို ကြိတ်ယူကာ အကြမ်းဖက်စစ်တပ်ကို ပြန်ဆက်သနေခြင်းကြောင့် သတိပေးခြင်းဖြစ်ပြီး
၁ ရပ်ကွက်စာရေးမမှာ ထစ်ခနဲရှိ စစ်တပ်ခေါ်လိုက်မယ်လို့ ခြိမ်းခြောက်လေ့ရှိကာ ပြည်သူတွေအတွက် အဆိပ်အတောက် ဖြစ်နေတာကြောင့် သတိပေးဖောက်ခွဲခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ TGA News Channel က ဖော်ပြပါတယ်။
‘အဲဒီစာရေးမက ရပ်ကွက်ပြည်သူတွေအပေါ် ဆက်ဆံရာမှာ အင်မတန်မောက်မာလွန်းတယ်။ ထောက်ခံစာ သွားလုပ်ရင်ငွေပေးရင်ပေးသလို မပေးရင် မလုပ်ပေးဘူးဆိုတာမျိုးတွေပေါ့။ အလကားနေရင်း စစ်တပ်ခေါ်ရမလားလို့ ခြိမ်းခြောက်နေတယ်’ လို့ T.Y.F တာဝန်ရှိသူက ပြောပါတယ်။
သုံးခွမြို့၊ အောင်ဇေယျလမ်းနေ တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း ၁ ရပ်ကွက်စာရေးမဟာ သုံးခွမြို့ရဲ့ အစောဆုံးစစ်တပ်အားကိုးပုဆိန်ရိုး ဖြစ်ရုံတင်မက စစ်တပ်အားကိုးပြီး ပြည်သူကို စော်ကားနေသူဖြစ်တယ်လို့ ပြောပါတယ်။
အခွန်ရုံးရော စာရေးမပါ အခုအတိုင်းကျူးလွန်မြဲ ကျူးလွန်နေဦးမယ်ဆိုပါက ဒုတိယအကြိမ်အနေနဲ့ သတိပေးတော့မှာမဟုတ်ဘဲ ပြတ်ပြတ်သားသား ကိုင်တွယ်သွားမယ်လို့ T.Y.F တာဝန်ရှိသူက ပြောပါတယ်။