တိုက်စစ် အရှိန်မြှင့်မယ်လို့ သန်လျင်ပကဖ ထုတ်ပြန်

တိုက်စစ်အရှိန်ကို မြှင့်တင်မယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Thanlyin People’s Defence Force – TLPDF) က ထုတ်ပြန်လိုက်ပါတယ်။
သန်လျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မီတာရုံးနဲ့အခွန်ရုံး စည်ပင်ရုံး၊ စစ်အုပ်စုခန့် အုပ်ချုပ်ရေး ဒေါက်တိုင်တွေနဲ့ စစ်ရေးပစ်မှတ်တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ သန်လျင်ပကဖက ယမန်နေ့က ထုတ်ပြန်ပါတယ်။
ပြောက်ကျားစနစ်အတိုင်း ရုတ်တစ်ရက်လူမြင်ကွင်းကို ထွက်လာပြီး လျှပ်တစ်ပြက်တိုက်ခိုက်မှုတွေ ပြုလုပ်မှာဖြစ်လို့ ပြည်သူတွေ အနေနဲ့ ကိစ္စတစ်စုံတစ်ရာကြောင့် တိုက်ပွဲ နယ်နိမိတ်ထဲရောက် နေခဲ့ရင် မစပ်စုဘဲ လွတ်ကျွတ်ရာလမ်း (သို့) အဆောက်အအုံထဲ ဝင်ရောက်နေထိုင်ပေးဖို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့သူတို့ရဲ့ ဒေါက်တိုင်တွေနဲ့ ဆက်နွှယ်ပတ်သက်ခြင်း မပြုကြဘဲသူတို့နဲ့ အဝေးမှာ နေထိုင်ကြဖို့ ဖောက်ခွဲတိုက်ခိုက်ရာမှာ အိတ်တွေ၊ ပါဆယ်ဗုံးတွေကို အသုံးပြုမှာဖြစ်လို့ မသင်္ကာစရာတွေကို ရှောင်ရှားနေပေးဖို့လည်း TLPDF က သတိပေး ပြောဆိုထားပါတယ်။
သန်လျင်ပကဖဟာ မတ်လ ၁၇ ရက်နေ့တုန်းက သန်လျင်ထွေအုပ်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့သလို မတ်လ ၁၆ ရက်မနက်ပိုင်းကလည်း သန်လျင်မြို့နယ်အတွင်းရှိ ဖားကူးရဲစခန်းကို တိုက်ခိုက်ခဲ့ပါတယ်။