စားသုံးသူပြည်သူတွေ ဆီကနေ ပို့ခတွေကိုပါ ကောက်ခံလာတဲ့အပြင် Panda Rider တွေကိုလည်း အရင်လို ခေါက်ကြေးတွေ မပေးဘဲ ခေါင်းပုံဖြတ်နေတဲ့ Foodpanda ကို Panda Rider တွေ သပိတ်မှောက်နေကြတယ်လို့ သိရပါတယ်။
COVID-19ပထမလှိုင်းကစလို့ ရန်ကုန်မှာ Foodpanda ဟာ လူကြိုက်များတဲ့ အစားအသောက်ပို့ဆောင်တဲ့ Delivery Service တစ်ခုဖြစ်လာသလို ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရတဲ့ လူငယ်တွေ အများအပြားဟာလည်း Panda Rider တွေအဖြစ် ဝင်ရောက်လုပ်ကိုင်သူ များပြားခဲ့ပါတယ်။
” ကျွန်တော်က ၂၀၂၀ထဲက လုပ်ခဲ့တာ။ အဲ့တုန်းက Way တွေကလည်း များတယ်။ ခေါက်ကြေးကလည်း တစ်ရက်ကို နှစ်သောင်းခွဲလောက်ရတယ်။အဲ့တုန်းကပေါ့။” လို့ ဝါရင့် Panda Rider တစ်ဦးက ပြောပါတယ်။ အဲဒီနောက်ပိုင်း တစ်လျှောက် ကိုဗစ်ဒုတိယလှိုင်း ဖြစ်လာချိန်မှာလည်း Food Panda ဟာ ရန်ကုန်မှာ ပြိုင်ဘက်ကင်းတဲ့ Delivery Service တစ်ခု အဖြစ်ပင် ရပ်တည်လာနိုင်ခဲ့တာကို တွေ့ရပါတယ်။ ကုမ္ပဏီဘက်က ဒီလို အောင်မြင်လာခဲ့ရတာဟာ Food Panda Rider တွေရဲ့ ချွေးစက်တွေကြားက ဖြစ်တည်လာခဲ့တာပါ။
” ဒုတိယလှိုင်းမှာ အသေအပျောက်တွေပါ ရှိလာတော့ ထိတွေ့မှုမရှိတဲ့ မှာယူမှုနဲ့ Foodpanda ကပဲ မှာစားဖြစ်တယ်။ စျေးထွက်ဝယ်ပြီး ချက်ရမှာက ပိုကူးနိုင်မလား တွေးမိသွားလို့လေ” လို့ အင်းစိန်မှာနေတဲ့ ကိုအောင်ကျော်က ပြောပါတယ်။
ကပ်ရောဂါ ကာလတစ်လျှောက် Panda Rider တွေဟာ ရောဂါ ထိန်းချုပ်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်ခဲ့သလို Stay At Home ကာလတွေမှာ ပြည်သူတွေဟာ Panda Rider တွေဆီက အစားအသောက်တွေနဲ့ Work From Home ကို ဖြတ်သန်းခဲ့ကြဖူးပါတယ်။
စစ်အာဏာသိမ်းပြီး စစ်အုပ်စုထိန်းချုပ်လိုက်တဲ့ ကာလတစ်လျှောက်မှာတော့ Panda Rider တွေဟာ မှားယွင်းဖမ်းဆီးခံရတာတွေ၊ ရိုက်နှက်ခံရတာတွေ၊ ထောင်ချခံရတာတွေအပြင် ပို့မယ့် ပစ္စည်းတွေကို အကြမ်းဖက်လက်နက်ပြ လုယူခံရတာတွေကိုပါ ကြုံတွေ့လာခဲ့ရပါတော့တယ်။
ဒါပေမယ့်လည်း ဒီ Rider တွေဟာ ကိုဗစ်တတိယလှိုင်းကာလမှာလည်း ရောဂါကြောင့် အားနည်းနေတဲ့ ပြည်သူတွေဆီ အစားအသောက်တွေ အရောက်ပို့ဆောင်ပေးနိုင်နေခဲ့ဆဲပါ။
Panda Rider တွေဟာ စက်ဘီးကိုယ်စီနင်းလို့ ပြည်သူတွေနဲ့အတူ ကိုဗစ်ကိုလည်း ကျော်ဖြတ်ခဲ့ကြသလို စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။ စစ်အာဏာရှင်လက်အောက် တစ်စတစ်စ ကျပ်တည်းလာတဲ့ ပြည်သူတွေဟာ အရင်လို မှာ မစားနိုင်တော့လို့ Panda Rider တွေရဲ့ Way တွေလည်း ကျဆင်းလာခဲ့ပါတော့တယ်။
” Third Wave မှာ ဆေးဖိုးရော မှာစားတာနဲ့ရော အတော်ကုန်သွားတယ်။ အဲ့ဒီနောက်ပိုင်းက အစစအရာရာက ပိုဆိုးကုန်တာပဲ။ အရင်လို Foodpanda က အလွယ်မှာမဲ့အစား ကိုယ့်ဘာသာ ထွက်စားတာလောက်တော့ လုပ်ဖြစ်သွားတယ်။” လို့ ကျောက်မြောင်းမှာနေတဲ့ ကိုရဲက ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက စလို့ Foodpanda ဟာ စားသုံးသူတွေဆီက ပို့ခကို ကောက်ခံလာခဲ့တာ တွေ့ရပါတယ်။မှာယူတဲ့ ဆိုင်ရဲ့ အနီးအဝေးအပေါ်မူတည်ပြီး ပို့ခဟာ ကျပ် ၂၅၀ကနေ တစ်ထောင်ကျော်ထိ ရှိတာကို တွေ့ရပါတယ်။
စားသုံးသူဆီက ပို့ခတွေ ကောက်ခံလာပေမယ့် Panda Rider တွေရဲ့ ပို့ခကတော့ များစွာလျော့ကျသွားခဲ့ရတယ်လို့ သိရပါတယ်။
” Way တစ်ခုကို ၅၀၀ကနေ ၁၅၀၀ ရနေရာကနေ အခု ၂၅၀ ပဲ ရတဲ့ Way တောင် ရှိသေးတယ်။အများဆုံး ၁၀၅၀။ ပြီးတော့ လမ်းတူတာတွေစုပြီး Way ကြေး ပေါင်းယူခိုင်းတာက ရှိသေးတယ်။ ကျွန်တော်တို့ မနက် ၈နာရီကနေ စလုပ် ညနေ၆နာရီထိ ၈၀၀၀ထောင်မပြည့်တဲ့ ရက်တွေ အများကြီးပဲ။ ” လို့ Panda Rider တစ်ဦးက ပြောပါတယ်။
Foodpanda ဘက်က စားသုံးသူလျော့နည်းလာတာကို မှာတဲ့သူက ပို့ခရှင်းပုံစံနဲ့ ဖြေရှင်းလိုက်ပြီး သူတို့ကတော့ ချိတ်ဆက်ထားတဲ့ ဆိုင်တွေဆီကနေ အစားအသောက်တန်ဖိုးရဲ့ ရာခိုင်နှုန်း၃၀ကို အသားတင်ယူနေခဲ့တာကိုတွေ့ရပါတယ်။
” အစ်မတို့က Rider တွေကို ပေးစရာမလိုဘူး။ ကုမ္ပဏီကိုပဲ သုံးဆယ်ရာခိုင်နှုန်းပေးရတာ။” လို့ Foodpanda နဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ စျေးရောင်းချသူတစ်ဦးက ပြောပါတယ်။
ဒါကို Foodpanda ဟာ သူတို့ အမြတ်မလျော့ရေး ပြည်သူတွေဆီကနေ အခွန်ကောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ သဘောမျိုးလို့ စားသုံးသူတစ်ဦးက ဝေဖန်ပါတယ်။
” မှာတဲ့သူ နည်းလာလည်း မှာသလောက် ခေါက်ကြေးကို ကုမ္ပဏီကပဲ ပေးရမှာပဲလေ။ Panda Rider တွေမရှိဘဲ Foodpanda ဆိုတာ ဖြစ်မလာဘူး။ အခုဟာက သူတို့ကျ အေးဆေး အမြတ်ယူ ကျန်တာက ပြည်သူက သူတို့ လုပ်ငန်းကို အခွန်လေးပေးပေါ့ ပုံစံက။ နည်းပညာလေး နည်းနည်းစိုက်ပြီး အမြတ်ယူ ခေါင်းပုံဖြတ်နေတာ။ ” လို့ သူက ပြောပါတယ်။
Panda Rider တွေနဲ့ ပြည်သူတွေကို အရင်းရှင်ဆန်စွာ ခေါင်းပုံဖြတ်နေတဲ့ Food Panda ကို Rider တွေက ဒီကနေ့မှာ တစ်ညီတစ်ညာတည်း သပိတ်မှောက်ခဲ့ကြပါတယ်။
Panda Rider တွေ မရှိဘဲ Foodpanda ဟာ ရပ်တည်လို့မရသလို ပြည်သူတွေဟာ လည်း Foodpanda ဆီ ပို့ခတွေကို အခွန်ဆောင်သလို ပေးရန် မလိုအပ်ပါဘူး။ Panda Rider တွေရဲ့ သပိတ်မှောက်မှုမှာ တောင်းဆိုမှုက အရင်လိုနှုန်းထားအတိုင်း Way ကြေးတွေ ပြန်ပေးဖို့တစ်ခုတည်းလို့ သိရပါတယ်။
” ကျွန်တော်တို့ကို အရင် ခေါက်ကြေးအတိုင်း ပြန်ပေးပါ။ အဲ့တာပဲ တောင်းဆိုတယ်။ အဲ့တာရရင် ရပြီ။ ” လို့ အမည်မဖော်လိုတဲ့ Panda Rider တစ်ဦးက ဆိုပါတယ်။
အစစ အရာရာ နှစ်ဆမက စျေးတက်ကုန်တဲ့ အချိန်မှာ Panda Rider တွေ ရဲ့ တောင်းဆိုမှုဟာအရင် ခေါက်ကြေးပဲ ဖြစ်ပါတယ်။
Foodpanda ရဲ့ ဒီလိုဂုတ်သွေးစုတ်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချသံတွေလည်း ကြားနေရပါတယ်။ ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက Foodpanda ရဲ့ ဂုတ်သွေးစုပ်နေမှုကို ” Foodpanda နှင့် Grab Food ကုမ္ပဏီများသည် Rider အလုပ်သမားထုအပေါ်တွင် ခေါင်းပုံဖြတ်မှုများကြောင့် Rider များသည် ယခုအခါ တောင်းဆိုချက်တွေ မရမချင်း လုပ်ငန်းခွင်သို့ မဝင်ဘဲ တိုက်ပွဲဝင်နေကြပြီဖြစ်သည်။
ကျွန်ုပ်တို့ ရန်ကုန်ခရိုင်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) သည် သမိုင်းတလျောက်တွင် အဖိနှိပ်ခံ အလုပ်သမား/လယ်သမားထုနှင့် အတူ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပြီး ယခုအချိန်တွင်လည်း Rider အလုပ်သမားထုဘက်တွင် အပြည့်အဝရပ်တည်သွားမည်ဖြစ်သည်။ ” လို့ ရေးသားတုန့်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ကျောင်းသားတွေက Foodpanda နဲ့ Grab ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေ မသုံးဖို့နဲ့ ဒီကုမ္ပဏီတွေရဲ့ application တွေကို Bad Review တွေ ပေးဖို့ လှုံ့ဆော်ထားတာကိုလည်း တွေ့ရပါတယ်။ DNA အနေနဲ့ ရန်ကုန် က Food Panda Rider တွေနဲ့သာ မေးမြန်းခွင့်ရထားသေးတဲ့အတွက် ပြိုင်တူ သပိတ်မှောက်နေကြတဲ့ မန္တလေးက Foodpanda Rider တွေနဲ့ Grab Rider တွေအကြောင်း ဆက်လက်စုံစမ်း ဖော်ပြပေးသွားပါမယ်။