ခရမ်းမြို့ ဂိတ်စောင့်စစ်သား ခေါင်းရိုက်ခွဲခံရ၊ အနည်းဆုံး ၅ ချက်ချုပ်ရ

Photo- Google
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့မှာ ဂိတ်စောင့်စစ်သားကိုပြည်သူတစ်ဦးက ခေါင်းရိုက်ခွဲခဲ့ရာ အနည်းဆုံး ၅ ချက်ချုပ်လိုက်ရတယ်လို့ သိရပါတယ်။
ယမန်နေ့ ညနေ ၃ နာရီခွဲလောက်က ခရမ်းမြို့၊ သစ်တောစစ်ဆေးရေးဂိတ်မှာ ဂိတ်စောင့်နေတဲ့ စစ်သားဟာ ဆိုင်ကယ်မောင်းလာတဲ့ပြည်သူကို အစစ်အဆေးကြမ်းတာကြောင့် အဲဒီပြည်သူက သည်းမခံနိုင်ဘဲ အနီးရှိတုတ်နဲ့ ခေါင်းရိုက်ခွဲလိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းမီဒီယာက ဖော်ပြပါတယ်။
ခေါင်းရိုက်ခွဲခံရတဲ့ အကြမ်းဖက်စစ်သားကို ခရမ်းဆေးရုံတင်ထားတယ်လို့ ခရမ်းဆေးရုံ ဝန်ထမ်းတစ်ဦးကပြောကြောင်း ခရမ်းမီဒီယာက ဆိုပါတယ်။
ခေါင်းရိုက်ခွဲလိုက်တဲ့ ပြည်သူဟာ ခရမ်းမြို့ခံ မဟုတ်ဘူးလို့ခန့်မှန်းပြီး အဲဒီပြည်သူ ဖမ်းဆီးခံရခြင်း ရှိ၊မရှိကို အတိအကျမသိသေးဘူးလို့ ခရမ်းမီဒီယာက ဆိုပါတယ်။
ခရမ်းမြို့ခံ တက်ကြွလှုပ်ရှားသူ တစ်ဦးက ‘ခရမ်းက ဂိတ်တိုင်းလိုလိုပဲ ဆိုင်ကယ်တွေကို ဆင်းတွန်းခိုင်းတယ်။ ပြည်သူတွေကို မောက်မာရိုင်းစိုင်းတယ်။ မိန်းကလေးတွေ တစ်ဦးတည်းလာပြီး တခြားလူတွေလည်း မရှိဘူးဆိုရင် မထိတထိစကားပြောပြီး အရသာခံတယ်။ အခုမခံနိုင်တဲ့လူနဲ့တွေ့တော့ ခေါင်းရိုက်ခွဲခံရတာ။ သူ့ရဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ မကြားသေးဘူး’ လို့ ဆိုပါတယ်။
ခရမ်းမြို့နယ်အတွင်းရှိ စစ်အုပ်စုပစ်မှတ်တွေကို ခရမ်း PDF က ဆက်တိုက်ဆိုသလို တိုက်ခိုက်နေပြီး မတ်လ ၁၃ ရက်နေ့က ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လောင်ချာနဲ့ ပစ်ခတ်ခဲ့ပြီးနောက် ခရမ်းမြို့ပေါ် လာရောက်အနိုင်ကျင့်နေတဲ့ အကြမ်းဖက်စစ်သားတွေရော စစ်အုပ်စုခန့်အုပ်ချုပ်ရေးပိုင်းကပါ အကြီးအကျယ် ထိတ်လန့်နေတယ်လို့ အတွင်းလူတွေဆီကနေ သိရကြောင်း သူကဆက်ပြောပါတယ်။