CDM တွေရဲ့လစာ အလွဲသုံးနေတဲ့ မင်းတပ်ပညာရေးဝန်ထမ်း ၃ ဦးကို ပြင်းထန်စွာအရေးယူမယ်

CDM ဝန်ထမ်းတွေရဲ့လစာကို အလွဲသုံးစားပြုလုပ်နေတဲ့ချင်းပြည်နယ်၊ မင်းတပ်မြို့က ပညာရေးဝန်ထမ်း ၃ ဦးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အလယ်တန်းကျောင်းအုပ်ဦး ကာဟုန်းလိန်း၊မင်းတပ်ပညာရေးမှူးရုံး ဒုဦးစီးမှူး ဦးလိန်းကီးအွမ်နဲ့ မူလတန်းပြ ဒေါ်ထန်းအွမ်မံတို့ဟာ စစ်အုပ်စုနဲ့ပူးပေါင်းပြီး မင်းတပ်မြို့နယ်က ပညာရေး CDM ဝန်ထမ်းတွေကို Non-CDM ဖြစ်ကြောင်း ကတိဝန်ခံချက်မှာ လက်မှတ်ရေးထိုးပြီးအသနားခံစာတင်ပြပါက လစာထုတ်ယူရေး ဆောင်ရွက် ပေးမယ်လို့ စည်းရုံးခြင်း၊ CDMဝန်ထမ်းတွေရဲ့ လစာနဲ့စရိတ်ကို ထုတ်ယူပြီး အလွဲသုံးစားပြုလုပ်ခြင်းနဲ့ တခြားမြို့နယ်ကနေ မင်းတပ်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေရဲ့ လစာနဲ့စရိတ်ကို ထုတ်ယူပြီးအကြောင်းမဲ့ ဖြတ်တောက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
သူတို့ ၃ ယောက်ကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ CDF-Mindat တို့ပူးပေါင်းပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။