ဒီနေ့ညမှာ တောင်ကြာအင်းရွာကို စစ်အုပ်စုက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ဖျက်ဆီးနေ

ကရင်ပြည်နယ် ၊ ကော့ကရိတ်ခရိုင်အတွင်းက တောင်ကြာအင်းရွာကို အကြမ်းဖက် စစ်အုပ်စုက ဒီနေ့ညနေပိုင်းက စပြီး ည၁၀ အချိန်လောက်အထိ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ဖျက်ဆီးနေတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
တောင်ကြာအင်းရွာမှာ PDF တွေ စခန်းချနေထိုင်တယ်လို့ ယူဆပြီး အခုလို အင်အားအလွန်အကျွံသုံးပြီး တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံက သုံးသပ်ပါတယ် ။
ဒီလိုတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတလျှောက်မှာ ရှိတဲ့ BGF တပ်ဖွဲ့တွေ ၊ PC စခန်းငယ်တွေက တပ်သားတွေကို အကြမ်းဖက်စစ်တပ်ယူနီဖောင်း ဝတ်ခိုင်းပြီး ရှေ့တန်းကို အတင်းပို့နေတယ်လို့လည်း ဒေသခံတွေက သတင်းပေးပါတယ် ။
ဒီညနေပိုင်း တောင်ကြာအင်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးအင်အားစုဘက်က တဦးသာ ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ သိရပြီး စစ်ကောင်စီဘက်ကတော့ အကျအဆုံး များပြားတယ်လို့ ကနဦးသိရပေမယ့် သတင်းအတည်ပြုချက်ရဖို့ ကြိုးစားစဲ ဖြစ်ပါတယ် ။
အိမ်ခြေ ၃၅၀ နီးပါးရှိတဲ့ တောင်ကြာအင်းကျေးရွာကတော့ အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်မှုကြောင့် အပျက်အစီးရာနှုန်းများပြားနိုင်တယ်လို့ ဒေသခံက ပြောပါတယ် ။