ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့မှာ စစ်သတင်းပေးလို့နာမည်ကြီးနေသူ ၂ ဦး ပစ်ခတ်ခံရပြီးနောက် မြို့အဝင်အထွက် လမ်းတွေကို အကြမ်းဖက်စစ်တပ်က ပိတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
ဒီနေ့ နေ့ခင်းပိုင်းကစပြီး ရဲမွန်စစ်ဆေးရေးဂိတ်၊ ကရင်ကန်စစ်ဆေးဂိတ်၊ ဒေးပေါက်စစ်ဆေးရေးဂိတ်၊ သစ်တောစစ်ဆေးရေးဂိတ်၊ ဆည်မြောင်းဘက်နဲ့ ကွမ်းမိုးဒိန်းဘက်တို့ကို ပိတ်ဆို့လိုက်ပြီး ဒီနေ့ညနေ ၄ နာရီ ဝန်းကျင်အထိ ပြန်မဖွင့်သေးဘူးလို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
‘ခရမ်းမြို့အဝင်အထွက် မဖွင့်သေးပါဘူး။ ပိတ်ထားဆဲပါ’ လို့ ခရမ်းမြို့သား တက်ကြွလူငယ်တစ်ဦးက ညနေ ၄ နာရီ မထိုးခင်မှာ ပြောပါတယ်။
ဒီနေ့မနက် ၅ နာရီခွဲလောက်က ခရမ်းမြို့၊ ၁၀ ရပ်ကွက်နေ အကြမ်းဖက်စစ်တပ် သတင်းပေးလို့ အများက သတ်မှတ်ထားတဲ့ မြင့်စိုးဆိုသူ သေနတ်နဲ့ ၅ ချက် အပစ်ခံရပြီးနောက် ဒီနေ့မနက် ၁၀ နာရီလောက်မှာလည်း ခရမ်းမြို့ ကွမ်းမိုးဒိန်းကျေးရွာမှာ စစ်သတင်းပေးလို့ နာမည်ကြီးနေသူ သော်ဇင်ဦး (ခ) ကိုချောလည်း သေနတ်နဲ့အပစ်ခံရကြောင်း ခရမ်းချန်နယ်က ဖော်ပြပါတယ်။
မြင့်စိုးဟာ ရန်ကုန်စစ်ဆေးရုံမှာ သေဆုံးသွားပြီး သော်ဇင်ဦး(ခ)ကိုချောကို အရေးပေါ်ကားနဲ့ ရန်ကုန်ကို ခေါ် ဆောင်သွားပေမဲ့ သေ၊မသေ မသိသေးဘူးလို့ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
စစ်သတင်းပေးလို့ နာမည်ကြီးတဲ့ သူတို့နှစ်ဉီးကို ဘယ်အဖွဲ့က ပစ်ခတ်သလဲဆိုတာ မသိသေးပါဘူး။