အာဏာသိမ်းပြီးချိန်ကစလို့ နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၅ သိန်းကျော်ရှိပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးနောက် နေရပ်စွန့်ထွက်ပြေးရသူ ၅၀၂,၆၀၀ ရှိပြီး အာဏာမသိမ်းခင်ကတည်းက နေရပ်စွန့်ထွက်ပြေးခဲ့ရသူတွေနဲ့ ပေါင်းလိုက်ပါက ၈၇၃,၀၀၀ ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်၊ ကွတ်ခိုင်၊ လားရှိုးနဲ့ မူဆယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်၊ လဲချား၊ လွိုင်လင်နဲ့ မောက်မယ်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် တိုင်းရင်းသား လက်နက်ကိုင်ချင်းကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းက ၂,၁၂၆ ဦးဟာ မြို့နယ် ၇ ခုမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ဖေဖေါ်ဝါရီလထဲမှာပဲ မြို့နယ် ၆ ခုမှာ တိုက်ပွဲရှောင်ထွက်ပြေးလာကြတဲ့ ၂,၄၇၄ ဦးဟာ ရှမ်းပြည်နယ်အတွင်းက မူလနေထိုင်ရာနေရာကို ပြန်လာနိုင်ပြီလို့ UNOCHA က ဆိုပါတယ်။
ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေကြောင့် လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေအတွက် ပဋိပက္ခဖြစ်ပွားရာ နေရာတွေဆီ သွားရောက်ဖို့ ခက်ခဲနေတာကြောင့် ဒေသခံ အကူအညီပေးနေသူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ပူးပေါင်းကာ အရေးပေါ် အကူအညီ အစီအစဉ်နဲ့ အကာအကွယ်ပေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆက်လက်ပေးနေတယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်အရ မြို့နယ် ၁၁ ခုက လူဦးရေ ၅၆,၄၀၀ ဟာ ၂၀၂၁ ခုနှစ်အစပိုင်းကတည်းက နေရပ်စွန့်ခွာထွက်ပြေးလာကြပြီး အဲဒီလူဦးရေထဲက ၁၄,၃၂၀ ဦးဟာ မြို့နယ် ၁၁ ခုက ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်ရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲမှာတော့ အကြမ်းဖက်စစ်တပ်ရောက်လာတဲ့အချိန်မှာ ယာယီထွက်ပြေးတိမ်းရှောင်ရတာ များတယ်လို့ ယင်းမာပင်အခြေစိုက် PDF ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
‘ကားလမ်းဘေးရွာတွေ စစ်ခွေးတွေ မကြာခဏလာလို့ မကြာခဏ ပြေးရတယ်။ စစ်ခွေးတွေက ရွာထဲ ဝင်ဖောက် ထွင်းတယ်။ ရွာမီးရှို့တယ်။ ရွာသားမြင်ရင် သတ်တယ်။ မသတ်တောင် နှိပ်စက်တယ်။ တချို့ရွာတွေကျတော့ စစ်ခွေးတွေက စခန်းလာချလို့ အဲဒီရွာနဲ့ ပတ်တန်းကျင်ရွာတွေ လနဲ့ချီထွက်ပြေးရတယ်။ အဲဒီလို မကြာခဏ ယာယီပြေးရတာတွေက ကုလသမဂ္ဂစာရင်းထဲ ပါမပါ မသိဘူး’ လို့ ပြောပါတယ်။