ရှမ်းတောင်နဲ့ရခိုင်ဒေသ နေရပ်စွန့်ခွာတွေကို အရေးပေါ်အကူအညီပေးနေတယ်လို့ UNHCR ပြော

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရခိုင်ဒေသက နေရပ်စွန့်ခွာတိမ်းရှောင်လာရသူတွေကို အရေးပေါ်အကူအညီတွေဖြန့်ဝေပေးနေတယ်လို့ UNHCR က ဆိုပါတယ်။
UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ကံကြိုင်နဲ့ ညောင်ရွှေမြို့တို့မှာရှိတဲ့ နေရပ်စွန့်ခွာ ၅၀၀ လောက်ကို တာပေါ်လင်နဲ့ ဖျာတွေ ထောက်ပံ့ပေးခဲ့ပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းရှိ နေရပ်စွန့်ခွာ စုစုပေါင်း ၁၃,၀၀၀ ကျော်အထိ အကူအညီတွေ ပေးအပ်နိုင်ခဲ့ပြီလို့ UNHCR ကဒီကနေ့ထုတ်ပြန်ပါတယ်။
UNHCR နဲ့ မိတ်ဖက်အဖွဲ့တွေဟာ မီးဖိုချောင်သုံးပစ္စည်း၊ ဆောင်းရာသီသုံး ပစ္စည်းနဲ့ နှာခေါင်းစည်းတွေကို ရခိုင်ပြည်နယ်၊ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တို့ရှိ နေရပ်စွန့်ခွာသူဦးရေ ၃,၀၀၀ လောက်ကို ဖြန့်ဝေခဲ့ပါတယ်။
ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်မှာလည်း လူဦးရေ ၁,၀၀၀ လောက်နေရပ်စွန့်ခွာနေထိုင်ရပြီးနောက် သူတို့ရဲ့ အဓိကလိုအပ်ချက်တွေကိုရှာဖွေဖော်ထုတ်နိုင်ဖို့ အတွက် UNHCRနဲ့ မိတ်ဖက်အဖွဲ့တွေပူးပေါင်းပြီး အကဲဖြတ်စစ်တမ်းကောက်ယူမှုကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းဒါ့အပြင် သူတို့ရဲ့ နေရပ်ပြန်တဲ့ အခြေအနေတွေကိုစောင့်ကြည့်နေ ပြီး ကျန်ရှိနေသေးတဲ့ နေရပ်စွန့်ခွာသူတွေကို အစားအစာမဟုတ်တဲ့ အရေးပေါ်ပစ္စည်းတွေ ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ပုံစာ-ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေ