မိုးဗြဲမှာ စစ်အုပ်စုက လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်မြို့ဖြစ်တဲ့ မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ မိုးဗြဲအခြေစိုက် ၄၂၂ တပ်က လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က စတင်ပြီး စစ်အုပ်စုဟာ မိုးဗြဲမြို့အတွင်းက လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်အုပ်စုဟာ မိုးဗြဲရထားဘောင်ကနေပြီး ဒုန်းဒူထန်ကျေးရွာနဲ့ လွယ်ယင်းမင်္ဂလာ ကျေးရွာတွေဘက်ကိုလည်း စစ်ကြောင်းထိုးဖို့ ဆက်လက်ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မိုးဗြဲမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ အသွားအလာ လုပ်ဆောင်တာတွေကို ရပ်ဆိုင်းပြီး လုံခြုံတဲ့နေရာတွေမှာ နေပေးကြဖို့ မိုးဗြဲ PDF က မေတ္တာရပ်ခံထားပါတယ်။