အကြမ်းဖက် စစ်အုပ်စုအတွက် လေယာဉ်ဆီ တင်သွင်းရာမှာ ပါဝင်သူ ခရိုနီခင်မောင်အေးပိုင် CB ဘဏ် ATM စက်ကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၆ ရက်နေ့ ညနေ ၃ နာရီလောက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီလမ်းရှိ CB ဘဏ် ATM စက်ကို တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force-JBF) က တိုက်ခိုက်ခဲ့ရာ ATM စက်ပျက်စီးခဲ့တယ်လို့ ယမန်နေ့ညကထုတ်ပြန်ပါတယ်။
‘လှိုင်တက္ကသိုလ် နယ်မြေထဲက ATM စက်ကို ဖောက်ခွဲတာ။အဲဒီနားမှာက လူလည်းရှင်းတော့ လုပ်ရလွယ်တယ်။ စက်အတွင်းပိုင်းပျက်၊ မပျက်တော့ မသိဘူး၊ စက်အပြင်ဘက်ပျက်သွားတယ်လို့ သိရတယ်’ လို့ လှိုင်မြို့နယ်၊ အုတ်ကျင်းမှတ်တိုင်အနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
NUG အစိုးရက အကြမ်းဖက်စစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းနေသူတွေအထဲမှာ CB Bank ဥက္ကဋ္ဌ ခင်မောင်အေးပိုင် Golden Myanmar Airlines လည်း ပါဝင်တယ်လို့ ထုတ်ပြန်ထားပေမဲ့ Golden Myanmar Airlines က အဲဒီထုတ်ပြန်ချက်ဟာ မမှန်ဘူးလို့ ငြင်းဆိုထားပါတယ်။