မြောင်းမြမှာ စစ်အုပ်စုက လိုင်းကြေးရယူပြီး လောင်းကစားဝိုင်းတွေကို ခွင့်ပေးထား

ဓာတ်ပုံ-လူမှုကွန်ရက်
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအချို့မှာ စစ်အုပ်စုက လိုင်းကြေးရယူပြီး လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောင်းကစားဝိုင်းတစ်ခုကို တစ်ပတ်မှာ လိုင်းကြေး သိန်း၃၀ခန့်ထိ ရယူပြီး သိလ္လာကျေးရွာအုပ်စု ဇလပ်ကွင်းကျေးရွာ၊ ကွမ်းခြံကြီးကျေးရွာအုပ်စု ဘုရားငုတ်တိုကျေးရွာတွေမှာ အနီထောင်၊လေးကောင်ဂျင်နဲ့ ကြက်ဝိုင်းတွေကို တရားဝင်ပုံစံ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
“လောင်းကစားဝိုင်းတွေဘေးနားမှာ ထမင်းဆိုင် လက်ဖက်ရည်ဆိုင်ပါ ဖွင့်ထားကြတာ၊ အရက် ဘီယာလဲအဲ့မှာတင် ပေါ်တင်ကိုရောင်းနေတာပဲ၊ ဝိုင်းတွေမှာ ရှုံးသွားရင် ဆိုင်ကယ်တွေရွှေတွေ အပေါင်ခံမဲ့သူကလည်း အဆင်သင့်စောင့်နေတယ်၊ ဝိုင်းကြီးရင် ရဲကတောင် အစောင့်လာလုပ်ပေးသေးတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လောင်းကစားဝိုင်းတွေအပြင် တရားမဝင် ချဲထီ၊နှစ်လုံးထီရောင်းချမှုတွေကိုလည်း ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေကြပြီး နေရှင်နယ်စျေးလိုမျိုး စျေးဆိုင်တွေမှာပါ ဆိုင်ခန်းနဲ့ နှစ်လုံးထီရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နှစ်လုံးတွေ ချဲတွေကလဲ ပြောင်ပြောင်တင်းတင်းကို လုပ်နေတော့တာပဲ၊ ဒိုင်ကြီးတွေက စကစဘက်ကလူတွေဆိုတော့ အဆင့်ဆင့်လိုင်းကြေးပေးပြီးတော့ လုပ်နေကြတာ”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။