ကျိုက်လတ်မြို့ အမှတ်(၂) ရပ်ကွက်ရုံး ဗုံးပစ်ခံရ

ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် အမှတ်(၂) ရပ်ကွက်ရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၂ရက်န့ မနက် ၄နာရီ၃၀မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဖျာပုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု-ဧရာဗေဒါ(ကျိုက်လတ်) နဲ့ ကျိုက်လတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်လတ် ပ-က-ဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
“လွန်ခဲ့သော လများစွာများကပင် PDF- KL အနေဖြင့် စစ်ကောင်စီ၏အလိုကျ အုပ်ချုပ်ရေးမှူးများကိုနှုတ်ထွက်ရန် သတိပေးပီးဖြစ်သဖြင့် ယခုပထမဆုံးအကြိမ်ရုံးကို သတိပေးဖောက်ခွဲခြင်းဖြစ်သည်။ ရှေ့ဆက်၍စစ်ကောင်စီအလိုကျ ပြည်သူကိုဒုက္ခပေးနေသာ အုပ်ချုပ်ရေးမှူးများ၏ အသက်အိုးအိမ်စည်းစိမ်များကို အာမမခံကြောင်းနှင့် ပြည်သူ့ဆန္ဒကိုလိုက်လျောရန် ထပ်မံအသိပေးလိုက်သည်”လို့ ကျိုက်လတ် ပကဖက ဆိုပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ထိခိုက်ဒဏ်ရာရရှိသူရှိမရှိနဲ့ ပျက်စီးဆုံးရှုံးမှု ရှိမရှိကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။