ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်း‌ရေး ကမ္ဘာက အလေးထားကြောင်း မိုက်ခ်မူလန် ပြောဆို

Photo – AP
ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးဟာ အမေရိကန်အကျိုးစီးပွားသာမက ကမ္ဘာ့အကျိုးစီးပွားလည်း ဖြစ်တယ်လို့ မတ်လ ၂ ရက်နေ့မှာ ထိုင်ဝမ်ကိုရောက်ရှိလာတဲ့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး မိုက်ခ်မူလန်က ပြောဆိုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ်ဆင်နွှဲနေချိန်မှာ ရောက်ရှိလာတဲ့ ဗိုလ်ချုပ်ကြီးမိုက်ခ်မူလန်က ထိုင်ဝမ်သမ္မတ ချိူင်အင်းဝမ်နဲ့ တွေ့ဆုံရာမှာ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးကို “ဘယ်တုန်းကမှ ခုလောက်အရေးမကြီးဖူးဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတာနဲ့ တစ်ချိန်တည်းမှာပဲ ထိုင်ဝမ်ဟာ သူ့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုသတ်မှတ်နေတဲ့ တရုတ်ရဲ့ သိမ်းပိုက်မှုခံရမယ့်အန္တရာယ် ရှိနေတာလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးမူလန်က သူပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ “အမေရိကန်ရဲ့ အဓိကပါတီကြီးနှစ်ခုလုံးက ထိုင်ဝမ်ကို ခိုင်မာအားကောင်းတဲ့ မိတ်ဖက်ဆက်ဆံရေးကို အားပေးကြောင်းပြသဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်သမ္မတကလည်း တရုတ်ရန်က ကာကွယ်မှုကို မြှင့်တင်သွားမှာဖြစ်ပြီး ယူကရိန်းပြည်သူတွေရဲ့ အံတုနိုင်မှုကို အားကျမိတယ်လို့ ဆိုပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းထဲက နိုင်ငံတစ်ခုအနေနဲ့ ထိုင်ဝမ်က အပြင်းအထန် ဝေဖန်ရှုတ်ချမှုသာမက ရုရှားအပေါ် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ ပါဝင်ပြီး ယူကရိန်းကိုလည်း လူသားချင်းစာနာမှု အကူအညီတွေပေးသွားမယ်။ ခုအချိန်ဟာ ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံတွေ ညီညွတ်ရမယ့်အချိန်ဖြစ်ပြီး ထိုင်ဝမ်က မပျက်မကွက် ပါဝင်မှာပါ” လို့ ထိုင်ဝမ်သမ္မတ ချိုင်က ပြောဆိုခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းနဲ့ တရုတ်ပြည်မကြီးတို့ကြားမှာ မိုင် ၁၀၀ အကျယ်ရှိတဲ့ ရေလက်ကြားရှိနေပြီး တရုတ်က ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးပိုင်နက်အနီး လေယာဉ်ပျံသန်းမှုတွေ လုပ်လေ့ရှိပါတယ်။