စားနပ်ရိက္ခာလုံလောက်ရေး အကြုံပြုချက် KSCC ထုတ်ပြန်

ကရင်နီပြည်အတွင်းမှာ စားနပ်ရိက္ခာ ပြတ်လပ်လာတာကြောင့် ပြည်သူအချင်းချင်း မျှဝေမှုနဲ့ စနစ်တကျ အသုံးပြုရေး စားနပ်ရိက္ခာဆိုင်ရာ စီမံမှုအထူးပန်ကြားလွှာကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး လူဦး ၁ သိန်း ၇ သောင်းကျော်ဟာ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးခိုလှုံနေကြရပါတယ်။
ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာတွေ စနစ်တကျ သိုလှောင်ထားပြီး မိသားစုဝင်တွေအတွက် ၃ ရက်စာ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးတွေကို စနစ်တကျ ထုတ်ပိုးစုဆောင်းထားဖို့၊ ပြည်သူအချင်းချင်း စားနပ်ရိက္ခာတွေ မျှဝေကာ ရိက္ခာပြတ်တောက်မှုတွေကို ကြားကန်ထားဖို့နဲ့ စားနပ်ရိက္ခာ ပြတ်တောက်လာချိန်မှာ နီးစပ်ရာ ကျေးရွာကော်မတီနဲ့ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ကော်မတီတွေကို ချက်ခြင်းအကြောင်းကြားပြီး အသက်အရွယ်ကြီးသူတွေ နာမကျန်းသူတွေနဲ့ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင် နို့တိုက်မိခင်တွေကို ဦးစားပေးဖို့ ပန်ကြားထားတာပါ။
ဒါ့အပြင် ဆန်ရေစပါးကို အများအပြား အသုံးပြုရတဲ့ မွေးမြူရေးနဲ့ သရေစာထုတ်ကုန် လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းဖို့အတွက် ပန်ကြားထားပါသေးတယ်။
လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု လွှမ်းခြုံနိုင်မှုဟာ ၂၀၂၂ ခုနှစ် အစပိုင်းကနေစတင်ပြီး ပိုမိုလျော့နည်းလာတာကြောင့် အခုလို စားနပ်ရိက္ခာဆိုင်ရာ အကြံပြုချက်တွေကို ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။