ရုရှားတပ်တွေကို ဘီလာရုစ်နိုင်ငံထဲက ချက်ချင်းထွက်ခွာခိုင်းဖို့ အမိန့်ပေးသင့်တယ်လို့ ပြင်သစ်သမ္မတ ပြော

Photo – AP
ယူကရိန်းနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘီလာရုစ်နိုင်ငံအနေနဲ့ လက်ခံထားတဲ့ ရုရှားတပ်တွေကို ချက်ချင်းထွက်ခွာဖို့ အမိန့်ပေးသင့်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ဘီလာရုစ်သမ္မတကို ပြောဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြင်သစ်သမ္မတနဲ့ ဘီလာရုစ် သမ္မတ ဖုန်းဆက်သွယ်ပြောဆိုရာမှာ “ဘီလာရုစ် မြေပေါ်မှာ ရုရှားက နျူကလီယာလက်နက်တွေ ဖြန့်ကျက်ထားဖို့အတွက် ခွင့်ပြုချက်‌ပေးခဲ့တဲ့ ဆုံးဖြတ်ချက်” ကို ရှုတ်ချခဲ့ကြောင်း သမ္မတအိမ်တော်က ထုတ်ပြန်ပါတယ်။
ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုကို ယူကရိန်းနဲ့ ဘီလာရုစ် ပြည်သူတွေအချင်းချင်းကြား သွေးစည်းညီညွတ်ရေးအတွက် “ယူကရိန်းနိုင်ငံကို ရုရှားက စစ်ဆင်နေချိန်မှာ ဘီလာရုစ်နိုင်ငံကို အသုံးချတာ၊ အလိုက်အထိုက်နေတာတွေကို ငြင်းဆန်သင့်” တယ်လို့ သမ္မတအိမ်တော် ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှုအတွက် လုပ်ဆောင်ချက်တွေထဲမှာ ဘီလာရုစ်နိုင်ငံလည်း ပါဝင်နေတယ်လို့ အမေရိကန် ကာကွယ်ရေး အကြီးတန်းအရာရှိတစ်ဦးက ဆိုပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်ဟာ ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးကာလတစ်လျှောက်မှာ ဘက်အသီးသီးက နိုင်ငံခေါင်းဆောင်တွေကို ဖုန်းခေါ်ဆိုမှုတွေအပါအဝင် သံတမန်ရေးနည်းလမ်းတွေ၊ ဥရောပသမဂ္ဂနဲ့အတူ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ စစ်ပွဲရပ်ဆိုင်းနိုင်အောင် အစဉ်တစိုက် လုပ်ဆောင်နေတာ တွေ့ရပါတယ်။