ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် မိုးဗြဲ ဖယ်ခုံ ၊ဝှါရီးဆူးပလိုင်ကျေးရွာ၊နန်းမယ်ခုံနဲ့ ဒေါကမီး ၊ ဆီးလီဒုန်းဒေသတွေမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေအဆက်မပြတ် ပစ်ခတ်နေဆဲဖြစ်ပြီး စစ်ရှောင်ပြည်သူတွေအတွက် အကူညီတွေ လိုအပ်နေတယ်လို့ ရွှေလွိုင်ကော်ပရဟိတ အသင်းက တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။
မိုးဗြဲဒေသအတွင်း ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က စတင်ကာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်တွေ သံချပ်ကာအမြှောက်ကားတွေအပြင် တာဝေးပစ် လက်နက်ကြီးတွေကိုပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ Karenni Nationalities Defense Force-KNDF ကလဲ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁ သိန်း ၇ သောင်းထိ ရှိလာခဲ့ပြီး သွားရောက်အကူအညီပေးဖို့ အလှမ်းဝေးတဲ့ နေရာတွေမှာ ပိတ်မိနေသေးတဲ့ အများစုက အနီးအနားရှိ တောတောင်တွေနဲ့ သစ်တောနေရာတွေမှာပဲ ယာယီပြောင်းရွှေ့နေထိုင်ကြရတယ်လို့ သိရပါတယ်။