တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲဝင်ပြိုင်မယ့် စက်ရုံအလုပ်သမားဟောင်း 

တောင်ကိုရီးယားနိုင်ငံက လူတန်းစားကွာဟမှုတွေကို Squid Game နဲ့ Parasite ရုပ်ရှင်တွေမှာ ကမ္ဘာတစ်ဝန်းက မြင်တွေ့ခဲ့ရပြီးနောက် တောင်ကိုရီးယားက စက်ရုံအလုပ်သမားဟောင်းတစ်ဦးဖြစ်တဲ့ လီဂျေမြောင်ဟာ မတ်လ ၉ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရာထူး ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပညာရေးဆုံးခန်းမတိုင်ခဲ့သူ လီဟာ ဆယ်ကျော်သက်ဘဝက စက်ရုံတစ်ရုံမှာ အလုပ်ဝင်လုပ်ရာကနေ မတော်တဆမှုတစ်ခုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သူလည်း ဖြစ်ပါတယ်။ အဆင့်အတန်းမြင့်မားမှုကို တမ်းတမ်းစွဲဖြစ်ကြတဲ့ တောင်ကိုရီးယားမှာ ဆင်းရဲသားတွေရဲ့ ဘဝကို မြှင့်တင်ပေးပြီး စီးပွားရေးစိုးရိမ်သောကတွေကို ဖြေရှင်းပေးဖို့ ပြောဆိုတဲ့ နိုင်ငံရေးသမားတွေကို တွေ့ရခဲပါတယ်။

အိမ်ခြံမြေ ဈေးကြီးတာ၊ စီးပွားရေးတိုးတက်မှုနှုန်း တုံ့ဆိုင်းနေတာနဲ့ လူငယ် အလုပ်လက်မဲ့များပြားတာတွေဟာ မဲဆန္ဒရှင်တွေ အများအပြားက စိတ်ဝင်စားကြတဲ့ အကြောင်းအရာတွေ ဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ စက်ရုံလုပ်သားဟောင်းဖြစ်ခဲ့ဖူးပြီး မြို့တော်ဝန်နဲ့ ခရိုင် အစိုးရခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့ လီက ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

“ခင်ဗျားက နွေးထွေးတဲ့ အိမ်ခန်းထဲမှာ ထိုင်နေပြီး အပြင်မှာ ချမ်းတုန်နေတဲ့သူတွေကို စိတ်ပူချင် ပူနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒုက္ခဆင်းရဲကိုတော့ ခင်ဗျား ဘယ်တော့မှ နားလည်မှာမဟုတ်ဘူးလို့” မဲဆွယ်ထွက်လာတဲ့ ယာဉ်တန်းမှာ လီက ပြောပါတယ်။

အတိုက်အခံတွေကတော့ လီဟာ လူပြိန်းကြိုက်တွေပြောပြီး အလကားမူးတင်းနဲ့ မဲဝယ်နေတာဖြစ်တယ်။ နောက်မျိုးဆက်တွေကို အကြွေးတွေနဲ့ ဖိထားခဲ့မယ့်သူဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

လီဟာ ဂျောင်ဂီခရိုင် အစိုးရခေါင်းဆောင်အဖြစ် ၂၀၁၉ ခုနှစ်မှာ လုပ်ဆောင်ခဲ့ပြီး ငွေကြေး ရက်ရက်ရောရော ပေးကမ်းတတ်သူ၊ ကိုဗစ် ပထမလှိုင်းအတွင်းမှာ မဲဆန္ဒရှင်တွေကို ကူညီပံ့ပိုးတတ်သူဖြစ်တယ်လို့ လူသိများကြပါတယ်။ သူရွေးကောက်ခံခဲ့ရရင် အရွယ်ရောက်ပြီးသူတိုင်းအတွက် နှစ်စဉ် ၈၃၅ ဒေါ်လာတန်ဖိုးရှိတဲ့ ဝမ်တစ်သန်း ထောက်ပံ့ပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“ကျွန်တော်က ကျောင်းအပ်စရာ ငွေမရှိလို့ စက်ရုံမှာ ဝင်လုပ်ခဲ့ရတာပါ။ ကျွန်တော့်မိဘတွေကလည်း သန့်ရှင်းရေးသမားတွေပါ။ ကျွန်တော်တို့က ဆင်းရဲတွင်းထဲက လွတ်ခဲ့ပေမယ့် ဆင်းရဲတွင်းထဲမှာ လူတွေအများကြီး ရုန်းမထွက်နိုင် ဖြစ်နေကြပါတယ်။ အဲဒီအတွက် စနစ်ကြီးကို ပြောင်းလဲပစ်ချင်တာပါ” လို့ လီက ပြောပါတယ်။