ဒီးမော့ဆို မြို့မရဲစခန်းဘေးမှာ စခန်းချထားတဲ့ စစ်အုပ်စု အတိုက်ခံရပြီး ၅ဦးသေ

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းနဲ့ ကပ်လျပ် ဘုရားစေတီဝိုင်းထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်နီတပ်မတော် KA၊ KNDF၊ PDFတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၅ဦးသေဆုံးသွားခဲ့တယ်လို့ KNDFက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနေ့က ဇန်နဝါရီလ ၁ရက်နေ့ ညနေ ၄နာရီ၃၀မိနစ်ခန့်မှာ ပူးပေါင်းတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃၁ရက်နေ့ တိုက်ပွဲတွေအတွင်းမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ KNDFက ရဲဘော်ဟင်နရီမှာ ဆေးဝါးကုသမှုခံယူနေစဉ်အတွင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကျဆုံးခဲ့ရသူ ရဲဘော်ဟင်နရီအတွက် KNDFက အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိအမှတ်ပြု သမိုင်းမှတ်တမ်းတင်ထားမှာဖြစ်တယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အင်အားအလုံးအရင်းနဲ့ ကယားပြည်နယ် (ကရင်နီ)အတွင်း စစ်ရေးအရှိန်မြှင့်တင်လာနေတာကြောင့် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာနေပြီး ပြည်သူတွေအနေနဲ့ ခရီးသွားလာခြင်း မပြုလုပ်ဖို့ သတိပေးထားပါတယ်။