၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။
KNU မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေ ဒွယ်လိုးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်အုပ်စုလက်အောက်ခံ ခမရ ၄၀၇က ဒုတပ်ကြပ်တစ်ဦးဟာ အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာပြီး လက်နက်တွေနဲ့အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၄ရက်နေ့မှာ စစ်အုပ်စုရဲ့ ခမရ ၄၀၇တပ်ရင်းက ဒုတပ်ကြပ် မောင်ညွှန့် ၃၀နှစ် ကိုယ်ပိုင်နံပါတ် တ/၃၉၂၉၇၈ဟာ စစ်အုပ်စုကို စွန့်ခွာကာ လက်နက်နဲ့တကွ KNLA တပ်ရင်း ၁၀၂ တပ်ခွဲ(၁)ကို လာရောက်အလင်းဝင်ကာ CDMလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ သူပြောပုံအရဆို သူစစ်သင်တန်းတက်တုန်းက သင်ခဲ့ရတာ တိုင်းပြည်နဲ့ပြည်သူလူထုကို ကာကွယ်ရမယ်။ တကယ်တမ်း စစ်မြေပြင်မှာ ရောက်တဲ့အခါကျတော့ ခေါင်းဆောင်တွေက တိုင်းပြည်နဲ့ ပြည်သူလူထုကို ကာကွယ်ပေး တာ မဟုတ်တော့ဘူး။ အဓမ္မ အာဏာသိမ်းပြီးတော့ ပြည်သူက ရွေးကောက်တင်မြောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးထောင်ချတယ်။ အဲဒီအပြင် မိမိအခွင့်အရေးကို တောင်းဆိုကြ တဲ့ ပြည်သူလူထုတွေဆိုလည်း ပစ်သတ်ဖို့ ညွှန်ကြားတဲ့အတွက် ပြည်သူလူထုတွေ အသက်ဆုံးရှုံးခဲ့ရတယ်။ ပြည်သူတွေ ခက်ခက်ခဲခဲနဲ့ အသက်လုထွက်ပြေး ရတာကိုလည်း တွေ့မြင်ရတာကို ခံစားခဲ့ရတယ်။ ဒီဟာ တွေကို မခံမရပ်နိုင်တဲ့အဆုံး စစ်ကောင်စီတပ်ကနေ ထွက်ပြေးလာတာလို့ ပြောပါတယ်”လို့ ကေအဲန်ယူ တပ်မဟာ ၅ ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က KICသတင်းဌာနကို ဖြေကြားထားပါတယ်။
CDMလုပ်ဆောင်ပြီး အလင်းဝင်ရောက်ခဲ့သူ ဒုတပ်ကြပ် မောင်ညွန့်ဟာ MA 1 လက်နက် ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည်ဆံ ၂၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ M14 မိုင်း ၁ လုံးကိုပါ ယူဆောင်လာခဲ့ပြီး KNLAတပ်မဟာ ၅က ဘေးကင်းလုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ စစ်အုပ်စုကို စွန့်ခွာကာ KNU တပ်မဟာ (၅)ထံ အလင်းဝင်ရောက်ခဲ့တဲ့ တပ်မတော်သား ၁၄ဦးထိရှိနေပြီပဲဖြစ်ပါတယ်။
Source-KIC
ဓာတ်ပုံ-မူတြော်သတင်းစဉ်