မန္တလေးခရိုင် တရားရုံးမှာ ဗုံးပေါက်

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၅လမ်းနဲ့ ၃၄လမ်းမှာရှိတဲ့ မန္တလေးခရိုင် တရားရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အဆောက်အဦးအတွင်းပိုင်းနဲ့ မှန်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက်နေ့ မနက် ၁၀နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ရုံးအတွင်း ဒုတိယထပ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ MFPမှာ ဖော်ပြထားပါတယ်။

“ဗုံးကတော်တော်ပြင်းတယ် အပြင်ကမြင်ရတာဆို ရုံးအလယ်ပိုင်းက စုတ်ပြတ်နေတာပဲ၊ ဟိုကောင်တွေက ပိတ်ပြီးစစ်နေတော့ သေချာတော့ သွားမကြည့်ရဲဘူး၊ လူထိမထိလည်း မသိသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ ပက်သက်ပြီးတော့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

မန္တလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်နေရာတွေဖြစ်တဲ့ ဌာနဆိုင်ရာရုံးတွေမှာ မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေလျှက်ရှိနေပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်