ထိုင်းနိုင်ငံအတွင်း စစ်ဘေးတိမ်းရှောင်နေသူ မြန်မာနိုင်ငံသားတွေအနက် နေရပ်ပြန်လိုသူအချို့ကို စတင်ပြန်ပို့

၂၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။

လေးကေကော်ဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်စစ်ဘေးတိမ်းရှောင်နေရသူ မြန်မာနိုင်ငံသား စစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံက ကူညီစောင့်ရှောက်ထားပြီးနောက် နေရပ်ပြန်လိုသူတွေ စတင်ပြန်ပို့ပေးနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေထံက သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၃ရက်နေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ မဲဆောက်ခရိုင် မယ်တောင်စစ်ဘေးရှောင်စခန်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စခန်းတာဝန်ရှိသူတွေက နေရပ်ပြန်လိုသူတွေကို စာရင်းကောက်ယူပြီး လူ၁၀၀ဝန်းကျင်ကို ပြန်ပို့ပေးခဲ့တယ်လို့ Delta News Agency ရဲ့ မြေကင်းထောက်က သတင်းပေးပို့ပါတယ်။

“ပြန်ချင်သူတွေကိုပဲ စာရင်းကောက်ပြီးတော့ ပြန်ပို့ဖို့စီစဉ်ပေးတာပါ၊ အင်ကြင်းမြိုင်နဲ့ မြဝတီကို ပြန်ပို့ပေးမယ်လို့ပြောတယ်၊ ဒီမနက် တစ်ရာဝန်းကျင်လောက် ထပ်ပြန်ကြတယ်၊ ပြန်တဲ့သူတွေကို လိုအပ်တဲ့ ရိက္ခာနဲ့ ပစ္စည်းတွေ ထည့်ပေးကြတယ်၊ ဒီဖက်ကစခန်းတွေက အတော်လေးအဆင်ပြေလာပြီးတော့ မြန်မာဘက်မှာ တိုက်ပွဲက ဖြစ်ဖြစ်နေတုန်းမို့ ပြန်တဲ့သူ သိပ်တော့မရှိဘူး”လို့ Delta News Agencyရဲ့ မြေပြင်ကင်းထောက်က ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာစစ်ဘေးရှောင်ပြည်သူတွေ ၄ထောင်ကျော်ထိရှိနေပြီး ထိုင်းအစိုးရနဲ့ လူမှုရေးအဖွဲ့တွေက ကူညီစောင့်ရှောက်ပေးထားပါတယ်။