ချမ်းအေးသာစံမြို့ ထွေအုပ်ရုံးကို BN&KSအဖွဲ့က ဗုံးပစ်တိုက်ခိုက် စစ်အုပ်စုက ၂ဦးသေ

၂၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ စစ်အုပ်စုလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို BN&KS (No-2) အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရုံးမှာလုံခြုံရေးစောင့်နေတဲ့ စစ်အုပ်စုက ၂ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၀ရက်နေ့ နေ့လည်ပိုင်းမှာ BN&KS (No-2)အဖွဲ့က ချမ်းအေးသာစံမြို့နယ် ၇၇/၇၆ကြား ၂၈လမ်းမှာရှိတဲ့ ထွေအုပ်ရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

“အဲဒီရုံးကို အခြားအဖွဲ့တွေလည်း မစ်ရှစ်ကစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ ကျွန်တော်တို့အဖွဲ့ကျမှ အောင်မြင်ခဲ့တယ်။ စစ်ခွေး ၂ ကောင် သေဆုံးသွားတယ်။ ပြီးတော့ အဲဒီရုံးဘေးက ကား ၁ စီးလည်း ထိခိုက်ပျက်ဆီးသွားတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူး။ လောလောဆယ်တော့ ရှောင်နေရတယ်” လို့ BN&KS အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

BN&KS အဖွဲ့ဟာ မန္တလေးမြို့မှာ UGလှုပ်ရှားနေတဲ့ နွေဦးတော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး မစ်ရှင်ပေါင်းများစွာကိုလည်း အောင်မြင်စွာနဲ့ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။